Monday, May 24, 2010

ဘုရားရှင်ဟောကြားခဲ့သော ခင်ပွန်းနှင်ဇနီးဆက်ဆံရေး

ဘုရားရှင်ဟောကြားခဲ့သော ခင်ပွန်းနှင်ဇနီးဆက်ဆံရေး

ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးစဉ် သိင်္ဂါလသတို့သားကို အကြောင်းပြု ဟောကြားခဲ့ တာပါ။ လင်ယောကျာင်္းကနေ ဇနီးမယားအပေါ် ထားအပ်သောအရာငါးမျိုးရှိပါတယ်။

၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊


၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ အိမ်ထောင်ရေး သာယာစိုပြေမှုမှာ ဒီအချက်တွေကလည်း အရေးကြီးပါတယ်။ တစ်ချို့တွေမှာတွေ့ရတတ်တယ်။ မရခင်တစ်မျိုး၊ ရပြီးတော့တစ်မျိုး အခေါ်အဝေါ်တွေ ပြောင်းသွားတတ်တယ်နော်။ စီးပွားရေးမှာ အဆင်မပြေလို့ပဲဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးနဲ့ ခေါ်တာပြောင်းသွားတယ်။ ကိုယ်ကချစ်သူရည်းစားဘ၀က မြတ်မြတ်နိုးနိုးနဲ့ ခေါ်ဝေါ်သလို အသက်တွေကြီး အဖိုးအဖွားဖြစ်တဲ့ထိတောင် ခေါ်သင့်ပါတယ်နော်။ အိမ်နေရင်းပဲဖြစ်ဖြစ်၊ လူကြားထဲမှာပဲဖြစ်ဖြစ် ခေါ်သင့်ပါတယ်။ ပတ်ဝန်းကျင်က ပိုကိုပိုတယ် စသဖြင့် ဘယ်လိုပဲပြောပြော ကိုယ့်ချစ်သူ ဇနီး မယားက ဒီအပေါ်မှာ နှစ်သက်နေတယ်ဆိုတာ သတိပြန်ရလိုက်ပါ။

၃။ မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းခြင့်လည်းကောင်း၊ ဒီအချက်ကတော့ ရှင်းပြဖို့မလိုလောက်အောင်ကို ရှင်းပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း မြင်တွေ့နေရတတ်ပါတယ်။ သူများကိုကြည့်ပြီး ကိုယ်ကသိဖို့လိုပါတယ်။


၎။ စားဖိုဆောင် အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်လည်းကောင်း၊ ဆိုလိုတာက စားဖိုဆောင်အုပ်စိုးမှုဆိုတာ မိန်းမတို့ တတ်အပ်ပြီးသောအရာပါ။ ကိုယ်က ၀င်ရောက်မစွက်ဖက်မိဖို့ ဆိုလိုရင်းပါ။ ဒါပေမယ့်လည်း အ၀င်အထွက် မျှတအောင် စီမံနိုင်တဲ့ အမျိုးသမီးဆို ပြဿနာမရှိပါဘူး။ ဒီလိုမဟုတ်ခဲ့ရင် ကိုယ်က လမ်းညွှန်ပြဖို့၊ အကြံဉာဏ်ပေးဖို့တော့ လိုပါလိမ့်မယ်။

၅။ အ၀တ်တန်ဆာကို ပေးခြင်းဖြင့်လည်းကောင်း၊ ကိုယ့်ဇနီးမယားကို အ၀တ်စားလေးတွေ ၀ယ်ချင်တာဆိုလည်း လိုက်ဝေးပေးလိုက်ပါ။ ကိုယ်က နားမလည်ရင်တောင် ကိုယ့်ဇနီးအတွက် စေတနာထား ရွေးချယ်ပေးသင့်တယ်။ ကိုယ်ကိုယ်တိုင် အမှတ်တရနေ့လေးတွေမှာလည်း ၀ယ်ပေးသင့်တယ်။ အ၀တ်အစား မလိုအပ်ဘူးပဲထား ကိုယ့်ရဲ့ကြင်နာမှု၊ ဂရုစိုက်မှုတို့ကို ဒီလို အ၀တ်အစား အသုံးအဆောင်ပစ္စည်းလေးတွေ လက်ဆောင်ပေးပြီး ပြသင့်သင့်တယ်ဆိုတဲ့ သဘော ပါ။ ချစ်သူရည်းစားမှာတုန်းကတော့ ဒါမျိုးလေးတွေ ခဏခဏ သတိရတတ်တယ်။ အိမ်ထောင်ကျပြီးတော့ အလုပ်နဲ့ မေ့သွားတတ်တာတွေရှိတယ်။


တစ်ခါ ဇနီးမယားကလည်း လင်ယောကျာင်္းအပေါ် စောင့်ရှောက်အပ်သော အရာ(၅)မျိုးရှိပါသေးတယ်။


၁။ အမှုကြီးငယ်ကိုလည်း ကောင်းစွာစီရင်၏။ ဆိုလိုတာက ကိုယ့်ယောကျာင်္း အလုပ်သွားတာဖြစ်ဖြစ်၊ ရုံးသွားတာဖြစ်ဖြစ် အချိန်နောက်မကျအောင် စားသောက်ဖွယ်လေးတွေ စီစဉ်ပေးတာ အ၀တ်အစားလေးတွေ ကိုယ်တိုင်ရွေးချယ်ပေးတာ ထမင်းလက်စုံစားတာ အခက်အခဲလေးတွေပြောပြတာ စတဲ့ အသေးဖွယ်လေးတွေကနေ ကိုယ့်ယောကျာင်္းရဲ့ လုပ်ငန်းအခက်အခဲတွေထိ ၀ိုင်းဝန်းစဉ်းစား ဖြေရှင်းပေးရမယ်။ ကိုယ့်ယောကျာင်္း ဘာတွေဖြစ်နေမလဲဆိုတာ သိနေဖို့၊ လိုအပ်မှုတွေ ဇနီးကောင်းတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ သိနေရမယ်ဆိုတာပါ။

၂။ နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်အပ်၏။ ဒါကတော့ ကိုယ်အဆင်ပြေမှ ပေးနိုင်မယ်ဆိုတာရယ်လို့ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တာလေးတွေ များမကြာ ထောက်ပံ့ကန်တော့ပေးနေဖို့ လိုပါတယ်။ စေတနာရှိတဲ့သူအတွက် က အမြဲတမ်းပိုနေပါတယ်။ အဓိကက ကိုယ့်စိတ်စေတနာပါပဲ။ ငွေကြေးတွေ အများကြီးပေးနိုင်မှ မဟုတ်ပါဘူး။ ဟင်းတစ်ခွက်တတ်နိုင်တတ်နိုင် အ၀တ်တစ်ထည် တတ်နိုင်တတ်နိုင် ထောက်ပံ့ပေးဖို့ပါ။ နှစ်ဖက်ဆွေမျိုး မျှမျှတတပေါ့။ လိုအပ်ရင် လိုအပ်သလို ဦးစားပေးတာကိုလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့လိုတာပေါ့။


၃။ မိမိလင်မှတစ်ပါး အခြားယောကျာင်္း၌ လွန်ကျူးသော အကျင့်မှ ကင်း၏။ မြန်မာမိန်းခလေးတော်တော်များမျာ

းကတော့ ကင်းကြပါတယ်။ ရှောင်ကြဉ်ကြပါတယ်။

၎။ ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။ ဒီအချက် သိပ်ကို အရေးကြီးပါတယ်။ အိမ်ထောင်မှု နိုင်နင်းရမယ်ဆိုတာ ဆိုလိုရင်းပေါ့။ ၀င်ငွေ၊ ထွက်ငွေ ညီမျှအောင်၊ ကိုယ့်သားသမီးများရလာတဲ့အခါ၊ နာမကျန်းဖြစ်တဲ့အခါ အဆင်သင့်ဖြစ်အောင် စောင့်ထိန်းတတ်ရမှာပါ။ မကုန်သင့်တာ မကုန်အောင်၊ ငွေတစ်ထောင်လောက်နဲ့ ပြီးမှာကို တစ်သောင်းမကုန်အောင်ပေါ့။ ပစ္စည်းဥစ္စာ မပျောက်ပျက်အောင် ထိမ်းသိန်း စောင့်ရှောက်ရမယ်ဆိုတာပါ။

၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်း ကင်း၏။ အလုံးစုံ ဆိုကတည်းက ကိစ္စတိုင်းမှာ ပါဝင်နေပါတယ်။ ဥပမာ။ ကိုယ့်ယောကျာင်္းက မနိုးခင် ကိုယ်က ဦးစာထပြီး ဘုရားဆွမ်းတော် သောက်တော်ကပ်ပြီး တရားစာများဖြင့် ရွတ်ဖတ်ပူဇော်မယ်။ ဒါဆိုရင် စိတ်ကလေးတွေ ကြည်လင်နေလိမ့်မယ့်။ စိတ်ကြည်လင်မှုနဲ့အတူ ကိုယ်ယောကျာင်္းကို စကားအရာ ချိုချိုသာသာနဲ့ ဆက်ဆံပြောဆိုတတ်ရမှာပေါ့။ ဒါဟာ လိမ္မာပြီး ပျင်းရိခြင်းကင်းတယ်လို့ဆိုလို
တာပါ။ ဒီလိုမျိုး ကိစ္စအ၀၀မှာ ပြုလုပ်တတ်နေရပါ့မယ်။

ဒီိလို တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပေါင်းသင်းမယ်ဆိုရင် အေးချမ်းမယ်၊ လုံခြုံမယ်၊ ဘေးကင်းမယ်လို့ ဘုရားရှင်ဟောကြားခဲ့ပါတယ်။ ဒါကိုပဲ တို့တွေ သိသိနေတဲ့ လင့်ဝတ္တရား မယားဝတ္တရား ငါးပါးရယ်လို့ သိနေကြတာပါပဲ။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ဘုရားရှင်ဟောကြားခဲ့တာတွေက အံဝင်ဂွင်ကျ ဖြစ်နေတုန်းပါ။ လိုက်နာကျင့်ဆောင် မယ်ဆိုရင် အကျိုးများပါတယ်။


ဗြဟ္မစိုရ်တရားဆိုတာ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ လူတိုင်းလူတိုင်း ထားအပ်သောအရာပါ။ လင်နဲ့မယားမှာ လည်း ထားအပ်တဲ့ အရာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားတယ်ဆိုတာ ကိုယ့်အိမ်သူ အိမ်သား အနီးမှာ ပဲဖြစ်ဖြစ် အဝေးမှာပဲဖြစ်ဖြစ် စိတ်ထဲကတစ်မျိုး နှုတ်ကတစ်သွယ် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စသဖြင့် မေတ္တာ အမြဲတမ်းထားနေတာပါ။ ကရုဏာဆိုတာကလည်း လင်ယောကျာင်္းကလည်း ကိုယ့်ဇနီးမယားအပေါ်မှာ နှမအရင်း သဖွယ် ကရုဏာထားစောင့်ရှောက်ရမယ်။ အစစအရာရာ ဦးဆောင်ဦးရွက်ရှိရမယ်။ ဇနီးမယားကလည်း ဒီလိုပါပဲ။ ကိုယ်ခင်ပွန်း အပေါ်မှာ ကိုယ့်ရဲ့အစ်ကို မောင် သဖွယ်လည်း လေးစားရမယ်၊ ကရုဏာ ပြုစုစောင့်ရှောက်ရမယ်။ မုဒိတာဆိုတာကတော့ ခင်ပွန်းနဲ့ ဇနီးသည်ကြားမှာ ရှိကြတာများပါတယ်။ တစ်ချို့တွေ အိမ်ထောင်ရေးမှာ မထားအပ်တဲ့ မာနလေးတွေကြောင့် အဆင်မပြေရာကနေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ကြပါတယ်။ ခေတ်အခြေအနေရ ခင်ပွန်းကော ဇနီးသည်ပါ အလုပ်လုပ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အလုပ်အဆင်ပြေမှုလေးတွေမှာ မုဒိတာပွားပြီး ချီးကျူးစကားလေးတွေ ပြောဆိုပေးတတ်ဖို့လိုပါတယ်။ ဥပေက္ခာဆိုတာကျတော့ လျစ်လျူရှုတာကို ပြောတာမဟုတ်ပါဘူး။ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်းကြားကနေ နေတတ်တာကို ပြောတာပါ။ တစ်ယောက်နဲ့တစ်ယောက် အပျော်လွန်ခြင်းတွေ မဖြစ်အောင် စိတ်ညစ်စရာကြုံလာရင်လည်း အလွန်အကျွံမဖြစ်အောင် ဖေးဖေးမမနဲ့ ဥပေက္ခာတရားပြုနိုင်အောင်ကြိုးစာ
း သွားရမှာပါ။

ဒါနကိုလည်း မေလျော့မနေအောင် တစ်ယောက်နဲ့တစ်ယောက် သတိပေးပြီး ပြုပြီးသော ဒါနတွေကိုလည်း ပြန်လည်ပီတိဖြစ်ပြီးတော့ ဆင်ခြင်နေရမယ်။ လှူဒါန်းတဲ့အခါမှာလည်း ဘာမှ တွယ်ကပ်မှုမရှိပဲနဲ့ ပါရမီထိုက်အောင် ဒါနပြုရမှာပါ။ ဒါနပြုတဲ့အခါ ပါရမီမြောက်ချင်တယ်ဆိုရင် ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်၊ ၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်၊ ၃။ မိမိအကျိုးကိုမငဲ့ရဘူး။ ဒီသုံးချက်ပါပဲ။ ဥပမာ- စာကလေးတွေကို အစာကျွေးတယ်ပဲဆိုပါစို့။ ဤကောင်းမှု ကုလ်သိုလ်သည် နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ပါစေ၊ ဤအစာလေးတွေစားပြီး စာကလေးတွေ ကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ အစစအရာရာအဆင်ပြေပါစေ လို့ဆုတောင်းမေတ္တာပို့ပြီး ကျွေးလိုက်ရင် လှူလိုက်ရင် လောကီအကျိုးမတောင့်တရင် အင်္ဂါသုံးချက်ပြည့်စုံတဲ့အတွက် ဒါနပါရမီမြောက်တဲ့ ဒါနဖြစ်သွားပါပြီ။ ဒီတရားလေးတွေကို မေ့လျော့မနေအောင် ဒါနခဏခဏ ဤကဲ့သို့ပြုနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ဖြည့်ကျင့်သွားမယ်ဆိုရင် ပါရမီဖြည့်ဖက်ဖြစ်သွားပါပြီ။ ဒီအတိုင်း လိုက်နာကျင့်သုံး သွားမယ် ဆိုရင်တော့ ပန်းခင်းသောလမ်းကို လျှောက်လှမ်းသော ဇနီးမောင်နှံ ဖြစ်သွားပါပြီ။ သူငယ်ချင်း ဘ၀လက်တွဲဖော်အဖြစ် ထူထောင်ပြီးချိန်မှ စပြီး ပန်းခင်းသောလမ်းကို လျှောက်လှမ်းနိုင် ကြပါစေ။ ဒီအချက်လေးတွေဟာ ဆရာလုပ်၍ပြောပြခြင်း မဟုတ်ဘဲ ဘုရားရှင် မိန့်ကြားတော်မူခဲ့သည်ကို ကျွန်တော်နားလည်သမျှ အဓိပ္ပါယ်ဖွင့်ဆိုပေးခြင်းဖြစ်ပါ
သည်။ ဗုဒ္ဓဘာသာ ဖြစ်သူတိုင်း ဤသို့လိုက်နာကျင့်သုံးသင့်တယ် ဆိုတာမှတ်ယူစေချင်ပါသည်။ သာယာအေးချမ်းသော ဘ၀ကိုပိုင်ဆိုင်ကြပါစေ။

ကျမ်းကိုး။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်၊ ဆရာတော်ရဝေနွယ်(အင်းမ)ရေးသားသော မြင့်မြတ်သူတို့အလုပ်


http://lightofdhamma.22web.net/  မှကူးယူဝေမျှပါသည်...။

မနုငယ်

3 ယောက်က စာမူခပေးတယ်း):

မြန်မာပြည်ကိုလွမ်းတယ် said...

သိပ်ကောင်းတဲ့မျှဝေမှုလေးပါမနုငယ်ရေ..တကယ့်ကိုပဲမြတ်စွာ
ဘုရားဟာတနေရာမှမကျန်အောင်သင်ပေးထားခဲ့တာပဲနော်..
ကူးသွားတယ်နော်..အဆင်မပြေတာတွေ့တဲ့သူငယ်ချင်းအိမ်
ထောင်ရှင်တွေကိုဆက်လက်မျှဝေပေးရအောင်လေ...နောက်
လဲထပ်ပြီးမျှဝေပေးပါဦး..

မဗေဒါ (၈၈) said...

အမ ဖတ်ပြီး စဉ်းစားနေတာ ညီမရေ..

ဘုရားရှင် ဟောကြားခဲ့တာတွေကတော့ ဘုန်းကြီးများကတဆင့် .. အခြား စိတ်ဝင်စားပါသော သာမန်လူတွေဆီကနေ..နောက်.. ဘာသာရေး အကြောင်းအရာ ရေးတဲ့သူများကနေတဆင့် သိရတာတွေပါ.. ။ အဲဒီထဲမှာ အမ အလိုမကျတာတွေ.. မကြာခဏ ဆိုသလိုပါတက်တယ်..။ အထူးသဖြင့် အမျိုးသမီးတွေ နဲ့ ပတ်သက်တာတွေပါ..။ ( အမဆိုလိုတာကတော့ ဘုရားရှင် ဟောခဲ့တာတွေက ဘယ်တော့ပဲဖြစ်ဖြစ် တရားမျှတမယ်.. ဆီလျှော်မယ်လို့ အစဉ်ယုံကြည် ပူဇော်သူပါ.. ဒါပေမဲ့ ဘာသာပြန်ဆိုမှု.. ကောက်ယူမှု အကြောင်းကြောင့် ဖြစ်လာတဲ့ အတွေးမှား ကိုတော့ အမ လက်မခံတာတွေ များပါတယ်..။)

အခုလည်း မိန်းမ ( ဇနီး) သည်တွေ လုပ်ရမှာ.. ဥပမာ ပေးထားတဲ့ မပျင်းတာ ချတ်ပြုတ်ကျွေးတာလေး ကိုဖတ်ပြီး စိတ်ထဲ ဘဝင်မကျလှဘူး..။ အမှန်ကတော့ အမ တို့တွေက ပုံသေကားချပ် တွက်ထားတဲ့ အောက် တနည်း အချို့သောဓလေ့ဆိုးတွေအောက် ရှိနေတာမို့.. မိန်းမအလုပ် ယောက်ျားအလုပ် ခွဲနေတာဖြစ်မယ်ထင်ပါတယ်..။ အမ အမြင်ကတော့ အဲဒါကို မိသားစု အလုပ်လို့ သတ်မှတ်တဲ့အတွက် ၂ နှစ်ယောက်စလုံးမှာ တာဝန်ရှိနေပါတယ်..။

ပြောချင်ပါတယ်. .ဆွေးနွေးချင်ပါတယ် အများကြီး ..။ နောင် လာပါဦးမည် ညီမ..။

မဗေဒါ (၈၈)

Junction Point said...

အမ..ရှေးယခင်က အမျိုးသမီးများက အိမ်မှုကိစ္စသာရှိကြသူတွေကိုး။ယခုခေတ်လို မယ်အထမ်းက အထမ်းမကြီးသေးဘူးထင်ပ။
မနုငယ်

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။