Showing posts with label ညအလင်္ကာ. Show all posts
Showing posts with label ညအလင်္ကာ. Show all posts
4

“ဟန်ဆောင်ယဉ်ကျေးမှု”

“ဟန်ဆောင်ယဉ်ကျေးမှု”
“အမျိုးသားကောင်း ယဉ်ကျေး၏” ဟု ပြောသောစကားကြားဖူးပါတယ်…ဖတ်လည်းဖတ်ဖူးတယ်။ ဒါပေမဲ့ ယဉ်ကျေးမှု အပြည့်ရှိနေပါက အမျိုးကောင်းခြင်း၊မကောင်းခြင်းအပေါ် နောက်ပြန်စရာမလိုဘူးလို့တွေးရင်ကော ရနိုင်မလားတော့ မသိဘူး?
ပတ်ဝန်းကျင်မှာတော့ ယဉ်ကျေးမှုရှိခြင်း/မရှိခြင်းကို အရေးတယူကောလိုက်နာကြလား?
အပြောအဆို၊ ၀တ်စားဆင်ယင်မှုကအစ လူနေထိုင်မှုနှင့် အခြားယဉ်ကျေးမှုများစွာပင်…..”ဟန်ဆောင်ယဉ်ကျေးမှုရှိနေ ကြတာကိုကော သိနိုင်မလား?”
(နည်းနည်းလောက်တော့ စိတ်ရှည်ရှည်လေးဖတ်ပေးပါဗျာ၊ ကျနော်ပြောချင်တာက လိုရင်းမရောက်သေးလို့ပါ၊)
ယဉ်ကျေးမှုထဲမှာ- ကိုယ်နှုတ်အမူအရာဝတ်စားဆင်ယင်မှု၊  ပေါင်းသင်းဆက်ဆံရေးနှင့်ကိုယ်ချင်းစာတရားမှာအလွယ် တကူမြင်သာပါတယ်။။။ ပါးစပ်ကထွက်လာမဲ့စကားကတော့ လူတိုင်းအတွက်အမြင်သာဆုံးယဉ်ကျေးမှုစံလို့ပြောရမည်။ ဒါကြောင့် စကားကြမ်းလျှင်ရိုင်းပါသည်။ မယဉ်ကျေး၊ အောက်တန်းကျသည်ဆိုသည်အထိ လူတွေကကောက်ချက်ချကြ သည်။
ကျနော်တို့ပတ်ဝန်းကျင်မှာ ကိုယ်နှုတ်ယဉ်ကျေးရုံဖြင့်ပင် သြဇာသက်ရောက်မှုကမနည်းပါ။ အဲ့ဒါကိုကြည့်ချင်းအားဖြင့် Marketing ဆင်းတဲ့ဈေးရောင်းသမားက အပြောကောင်းနှင့်ရောင်းမည်။ Preacher လို့ခေါ်တဲ့အဟောသမားကလည်း စကားကိုချောသထက်ချောအောင်တန်ဆာဆင်မည်။ လုပ်ငန်းခွင်တွေမှာလည်း ဆရာက တပည့်ကိုချော့မော့ခိုင်းမည်။ တပည့်ကလည်းဆရာကိုမျက်နှာချိုသွေးမည်။နေရာတိုင်းမှာကိုယ်ကလေးရို့၊လက်ကလေးတွေနောက်ပစ်ပြီးခေါင်းလေးငုံ့လိုက်နာမှုတွေရှိနေတာပေါ့။ နေရာတိုင်းမှာလည်း ပုခုံးလေးပုတ်၊ ကျောကလေးသပ်ပြီးပြုံးပြုံးကလေးနှင့်အမိန့်ပေးသူ တွေလည်းရှိနေမည်၊အားလုံးအဆင်ပြေနေသမျှတော့ကျက်သရေမင်္ဂလာရှိနေမှာပါ။အထက်တန်းကျသည့်လူ့မှုဆက်ဆံရေးကြောင့်နှစ်ဦးနှစ်ဖက်ကြားလူပတ်ဝန်းကျင်အတွင်း ပဋိပက္ခတွေ ကင်းသထက်ကင်းနေမည်မှာ သေချာသလောက်ပဲ။
တစ်ခုသာ သတိထားဖို့လိုသည်။ ကျနော်တို့ ကျင့်သုံးနေတဲ့ယဉ်ကျေးမှုက ရင်ထဲက လာဖို့ပါ။
“အမြင်ကောင်းရုံ၊ကိုယ်နှုတ်ထိန်းပြီး၊အများတကာမှတ်ချက်ပေးခံချင်သည့်အခြေအနေကြည့်လိုက်နာသည့်ယဉ်ကျေးမှု”ကိုတော့ အသုံးမချမိဖို့တော့လိုပါလိမ့်မယ်။
“နှုတ်ချိုသျှိုတစ်ပါး” ဆိုသည်လောက်ကိုသာလက်ကိုင်ထားပြီး အပြောကောင်းကောင်းနှင့်နေရာတကာမာယာများလွန်း သည့်ယဉ်ကျေးမှုအတုတွေကိုလည်းရှောင်နိုင်ရပါလိမ့်မယ်။ ယဉ်ကျေးမှုသည်ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ယဉ်ကျေး တဲ့သူတွေထဲမှာသာ နေရာရနေမည်မှာတော့ သေချာပါသည်။
သို့သော်………..
အရေခြုံထားသည့်ဝံပုလွေတစ်ကောင်ကို သိုးအုပ်ကဖူးဖူးမှုတ်၍ ဧည့်ဝတ်ပြုနေမည်မဟုတ်ပါ။ အရေခြုံထားရခြင်းမှာ  အချိန်တန်လာသည်နှင့်အမျှကွာကြမည်မှာသေချာနေပါသည်။ ကိုယ်နှုတ်အမူအရာမှာ ရင်ထဲကမပါဘဲ၊ မေတ္တာတရား ခေါင်းပါးနေလျှင်၊ဟန်ဆောင်ရုံသက်သက်ပင်ဖြစ်နေပါမယ်၊ ဘယ်တော့မှအထက်တန်းမကျပါ. အထက်တန်းကျသည့် ယဉ်ကျေးမှုတွင် ဟီရိသြတ္တပ္ပတရားနှင့်ဗြဟ္မစိုးတရားလေးပါးမရှိမဖြစ်လက်ကိုင်ထားရပါမည်။
ကိုယ့်အလိုဆန္ဒတစ်ခုကြောင့်ဟန်ဆောင်ထားသည့်ယဉ်ကျေးမှု၊ အလိုမကျသည်နှင့်တစ်ပြိုင်နက်အရိုင်းအစိုင်းတွေဖြစ် ပြောင်းလဲသွားသည့်ယဉ်ကျေးမှုကို သူငယ်ချင်း၊မိတ်ဆွေများကြား၊လူပတ်ဝန်းကျင်တွင် ကျနော်တို့တွေ့နေရမှာပါပဲ…..
လူ့ယဉ်ကျေးမှုသည့်အချိန်အခါရာသီလိုက်ပြီး အရေခွံလဲတတ်သည့်သတ္တ၀ါမဟုတ်ပါ။ စိတ်အထာမကျသည်နှင့်ဒေါသ ကိုမထိန်းနိုင်ဘဲဗီဇရုပ်ကဘူးပေါ်သလိုပေါ်လာလျှင်တော့ဟန်ဆောင်ကောင်းလွန်သည့်ယဉ်ကျေးမှုအဆင့်သာရှိနေပါဦး မယ်။ နှုတ်ကချို၊ အပြောကပို၊ ၀တ်စုံသေသပ်ကျနနေသော်လည်း စိတ်နှင့်အထာမကျသည်နှင့် ဟန်ဆောင်ထားပါက ဗီဇစိတ်မှ ဘီလူးကထွက်လာမြဲဖြစ်နေမှာပါ.၊
ဟန်ဆောင်ထားသည့်ယဉ်ကျေးမှုနှင့် ကိုယ့်ကိုယ်ကိုယ်မလှည့်စားချင်သလို ကျနော်တို့မိတ်ဆွေသူငယ်ချင်းအပေါင်းအ သင်း၊ လူပတ်ဝန်းကျင်ထဲမှာလည်း အရေခြုံပြီးမ၀တ်မိဖို့ သတိထားဆင်ခြင်နိုင်ကြပါစေဗျာ
သို့မဟုတ်ပါက………………………………………………….။

ခင်မင်စွာဖြင့်
C:\Documents and Settings\User\Desktop\·\Scan\6C1A9680B6FD1A796A081E9980C01B03.png
ညအလင်္ကာ
၂၀၁၀ခုနှစ်၊သြဂုတ်လ(၁၃)ရက်

14

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ
သာသနာမှာ ကောင်းတာရှိသလို ဆိုးတာရှိပါတယ်
ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ်အဲ့ဒီလိုရှိပါတယ်
ကျနော်တို့မြန်မာတွေရဲ့ဘာသာရေးနဲ့သာသနာကို စော်ကားတာမဟုတ်ပါ၊
ကိုယ်ပေါင်ကိုယ်လှန်ထောင်း တာလည်းမဟုတ်ပါ။။
အလှူခံတွေ့လျှင် ကန်တော့ပါသေးရဲ့မလုပ်ပဲနဲ့ မိမိတက်နိုင်သမျှလေးလှူလိုက်ပါ .
ကျွန်တော်တို့ တာဝန်က သံဃာကို သံဃာလို့ပဲ ရည်စူးထားဖို့ အရေးကြီးတာပါ
လှူလိုက်ခြင်းဖြင့် စိတ်ကိုဖြုစင်အောင်ထားပြီး ကုသိုလ်ယူကြရအောင်ဗျာ
×××××××××××××××××××××××××

ကျနော်နေထိုင်ခဲ့သော အလုံမြို့နယ်၊ ဆင်မင်းဈေး(သိပ္ပံဈေး)၊ သိပ္ပံလမ်းတွင် မနက်မိုးလင်းသည်နှင့်ပထမဦးဆုံးကြား ရသည့်အသံက ပဲပြုတ်-နံပြား ဆိုတဲ့ဈေးရောင်းတဲ့အသံလေးပါ………..နောက်ဆက်တွဲကြားရသည်က သာသနာအလံ စိုက်ထူထားပြီး အသံကုန်ဖွင့်လာသည့်ဟုယူဆရသော အသံချဲ့စက်တပ်ထားသည် အလှူခံမော်တော်ကားကြီးမှ အသံ ဖြစ်ပါသည်။ အဲ့ဒီလိုအလှူခံကားကြီး ကားငယ်တို့ကို လမ်းမှာလည်းတွေ့ရ၊ အိမ်ရှေ့မှာလည်းတွေ့ရပြီး မလွတ်တမ်း ကြားနေရသည်က အလှူခံတို့၏အသံပင်ဖြစ်ပါသည်။ကားပေါ်တွင် ရဟန်းတစ်ပါး၊ နှစ်ပါးနှင့် လူဝတ်ကြောင်တွေပါလာသည်။ တစ်ခါတစ်လေ အမျိုးသမီးများပင်ပါလာတတ်ကြပါသည်။
မကြာခဏလာပြီးအလှူခံရသည့်အကြောင်းရင်းမှာ-
-၄င်းတို့ကျောင်းကို မြို့သစ်သို့ပြောင်းရွှေ့ခံရ၍ နေရာထိုင်ခင်းအခက်အခဲ
-ရေအခက်အခဲ
-အ၀ီစိတူးရန်
-ရေလှောင်ကန်တည်ဆောက်ရန်
-ရေပိုက်လိုင်းသွယ်ရန်….အစရှိသည်တို့ပေါ့
အလှူခံစဉ် ……….
ဆရာတော်၊သံဃာတော်များက ဒကာ/ဒကာမတို့ကိုအားကိုးတစ်ကြီးနဲ့ အလှူတော်ခံ၊အပူဇော်ခံကြွရောက်လာတာပါ။ အားပါးတရ၊၀မ်းပန်းတသာနဲ့အခွင့်ရတုန်းလှူဒါန်းကြပါ၊ အပေါ်ထပ်မှစေတနာရှင်များဆင်းမလာနိုင်လျှင် တိုက်ပေါ်မှ နေပြီး အလှူငွေကိုအောက်သို့ပစ်ချလိုက်ပါ.. ပစ်ချလို့အပြစ်မမြင်ပါဘူး. ရွှေမိုးငွေမိုးရွာသွန်းဖြိုးသည်ဟုမှတ်ယူပြီး၊ အကျိုးဆောင်များကကောက်ယူကာ ဆရာတော်ထံသို့အလှူရှင်ကိုယ်စား ရိုသေစွာ ဆက်ကပ်လှူဒါန်းပေးပါမည်တဲ့…။

ထို့အပြင်…ရေပိုက်ဖိုး(၅)လုံးစာရပါပြီ တစ်လုံးကို (၃၅၀၀)ကျပါသည်။ နောက်ထပ် ရေပိုက်(၅)လုံးစာမျှရလျှင် ကျွန်တော်တို့ ဒီနေရာကထွက်ခွာပါတော့မည်။။။ အဲ့ဒီလိုနဲ့လှူတဲ့သူက လှူနဲ့ နာရီပိုင်းအတွင်း စံချိန်စံညွှန်းပြည့်သွား ပါတော့သည်။ထိုအခါတွင်ဝမ်းသာအားရဖြင့် သီချင်းဖွင့်ပြီး အလှူခံကားကြီးထွက်သွားပါတော့သည်။။ အပြီးပြန်သွား သည်ဟုမထင်ပါနှင့်…ရှေ့တစ်လမ်းဝင်..နောက်တစ်လမ်းထွက်ဖြင့် အလှူခံကားကြီးမှ အလှူခံအသံပြန်ကြားရပြန်သည်။

တစ်ချို့အလှူခံကားကြတော့မိဘမဲ့ကလေးများကိုကျွေးမွေးပြုစုပညာသင်ပေးထားသည့်
ပရဟိတကျောင်းကဟုဆို ပါသည်။

အိုမင်းသောဆရာတော်ကြီးတစ်ပါးကို လူနှစ်ယောက်တွဲလာကာ၊ ဆရာတော်ကြီးကျန်းမာရေးအတွက် ဆေးဝါးဒါန လှူဒါန်းပါတဲ့…..ဆရာတော်ကြီးခမျာ သက်တော်ကြီးရင့်ပြီး ပင်ပန်းလွန်းသဖြင့်ခေါင်းငိုက်စိုက်ဖြင့် တစ်လှမ်းခြင်းလှမ်း နေရသည်မှာ မြင်ရသူတိုင်း စိတ်မချမ်းသာစရာဖြစ်ပါသည်။

လမ်းသွားရင်း “ဒကာ.. ခဏခဏ” ဆိုတော့ လှမ်းကြည့်တော့ ဦးဇင်းတစ်ပါးတွေ့ရတယ်….
“ဦးဇင်း ရဲ့ ကျောင်းကိုပြန်ရမှာဝေးတာကြောင့်ခရီးစရိတ် လှူဒါန်းပါဆိုပြီး လမ်းတွင် အလှူခံတာလည်းရှိပါသည်။
တစ်ချို့ကျတော့ စာသင်တိုက်တွင် ကျောင်းစာအုပ်လို၍လည်းကောင်း၊ အမျိုးမျိုးတွေ့ကြုံခဲ့ရပါသည်။

သီလရှင်တစ်ပါးသည်လည်း ဖြတ်ပိုင်းစာအုပ်လေးကိုင်ကာ ကျောင်းဆောက်ရန်တစ်ပါးတည်းလာပြီး အလှူခံနေသည် မှာတော်တော်ကြာမြင့်ပြီထင်ပါသည်။တစ်ခါတစ်ရံ တိုက်ရဲ့အောက်ခြေမှ ခေါင်းလောင်းကြိုးကိုဆွဲ၍
ဖြတ်ပိုင်းလေးတွေ ကိုစာအိတ်ထဲထည့်ပြီး အလှူခံတာလည်းရှိပါသည်။

ထို့အတူ ပုထုဇဉ်လူတွေထဲမှာလည်းတွေ့ရပါသည်။ မော်တင်သင်္ဘောဆိပ်တွင် “ သားလေး…တို့ သမီးလေးတို့ ခဏနေကြပါဥိး…. “ ဆိုတဲ့အသံကြောင့် အခေါ်ခံရတဲ့သူတွေ ရပ်သွားတယ်… ဘယ်သူခေါ်တာလဲပေါ့…လှည့်ကြည့် တော့ အဒေါ်ကြီးတစ်ဦး… အကျီလုံချည်သပ်သပ်ရပ်ရပ်ဝတ်ထားပြီး သနပ်ခါးအဖွေးလေးနဲ့ပါ အနားရောက်လာတော့ “အကူအညီလေး တောင်းစရာရှိလို့ပါ” သားရယ် ဆိုပြီး အကြောင်းပြချက်မျိုးစုံဖြင့်
တစ်ခုမဟုတ်တစ်နည်းဖြင့် တောင်းကြပါလိမ့်မယ်…………….

လိမ်ညာစားသောက်နေတဲ့သူတွေကြောင့်ပဲ “တကယ်ဒုက္ခရောက်နေသူတွေအတွက် အခက်အခဲဖြစ်နေကြတာပါ”
"လိမ်ညာစားသောက်အလှူခံနေသူများကြောင့်
အမှန်တကယ်အလှူခံနေသူများပေါ်တွင်
လိမ်ညာသူတို့၏  အရိပ်မည်း စွန်းထင်းရပြန်ပါတော့သည်…."
အကုသိုလ်တွေတစ်ပုံကြီးဖြစ်လာ၏။ မိမိဘာသာစဉ်းစားချင့်ချိန်ကြည့်ရပေတော့မည်။

(အစစ်အမှန်ကိုသိပြီး လှူရလျှင်ဖြင့် အလှူရှင်များမှလည်း စိတ်သန့်ရှင်းပါသည်…..သို့လော်…သို့လော်နှင့် စိတ်ထဲမှာ ဝေခွဲမရပါက လှူသာလှူ၏၊ ကုသိုလ်မရပဲ…အကုသိုလ်ရကြပြန်၏) စကားချပ်
××××××××××××××××××××××××××××××××××××××××××××××××××
မြန်မာတို့၏ ရိုင်းပင်းကူညီတတ်သော အကျင့်
အားနားတတ်သောအကျင့်
စေတနာသဒ္ဒါတရားထက်သန်ခြင်း
ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အမှီပြု၍
“လိမ်ညာတောင်းလျှင် သူ့ကံနဲ့သူခံရလိမ့်မယ်၊လှူတဲ့သူရဲ့စိတ်သားပြတ်သားဖို့ပဲ” ….  
လို့ပါတယ်ဟု… သဘောထားရင် ကျနော့်ရဲ့အမြင်ကို  ဖော်ပြလိုက်ပါတယ်။

ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ သြဂုတ်လ(၉)ရက်။

6

အပြေးအလွှား "မော်ကျွန်းသား" (ဇာတ်သိမ်းပိုင်း)


အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက် ခဲ့လေတော့သည်။။။။
ဆိုက္ကားဆရာ ဘယ်ပြေးဖို့စိတ်ကူးသည်တော့မသိ………ကိုယ်လည်းကြောက်ကြောက်လန့်လန့်နဲ့ သူ့နောက်ကိုလိုက်ခဲ့တာ (၁၂)လမ်း ဗလီဘေးကိုရောက်တဲ့အထိ တရကြမ်းပြေးလာခဲ့ရာ ချွေးဒီးဒီးကျပြီး မောဟိုက်နေတာပြောမနေနဲ့……………
“ဦးလေး..ရေ၊ ဦးလေးရေ” ……ထပါဦးဗျ.. အမြန်ထပါဦး
ဆိုက္ကားဆရာရဲ့ ဦးလေးတော်စပ်သူထင်ပါရဲ့ဗျာ
တခါးလာဖွင့်ပြီး….. “ဟေ့ကောင်……..ဘာတွေဖြစ်လာတာလဲ ..တစ်ကိုယ်လုံးလည်းချွေးသံတရွဲရွဲနဲ့”
ကျနော်တို့ကို သရဲခြောက်လို့ …ကျနော်ဆိုက္ကားပေါ် ပါလာတာ…
“ဟာ…ဟုတ်ရဲ့လားကွာ….မင်းဘာသာ မူးရူးပြီးမြင်ချင်တာမြင်တာဖြစ်မှာပေါ့…………….”
“မဟုတ်ဘူး…….ဦးလေးရ” ဂတ်တဲ့ရှေ့ရောက်တော့ ဂတ်က မီးလှမ်းထိုးလို့ လှမ်းကြည့်တော့ ခေါင်းမပါမှန်းသိရတာ ဦးလေး…. ဒီကောင်လေးပါ ပါတယ် သူ့ကိုမယုံရင်မေးကြည့်
(ကျနော်ကိုမေးငေါ့ပြတော့ ကျနော်လည်း ဟုတ်မှန်ကြောင်းပေါ့ ခေါင်းညိတ်ပြတယ်..ကြောက်စိတ်ကတော့မပြေသေးဘူးလေ)
အေးအေးထားတော့ …အခုတော့ အချိန်လည်းမရှိတော့ဘူး ဆိုက္ကားကို မနက်ကျမှသွားယူတော့….
“ကောင်ကလေးလည်းဒီမှာပဲအိပ်လိုက်တော့………မနက်ကျမှလိုက်ပို့မယ်..ဟုတ်လား”
အဲ့ဒီညကဆို ကြောက်လန့်စိတ်ကြောင့် တော်တော်လည်းအိပ်မပျော်ဘူး။။။ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ…အိပ်ရာထတော့ နေတောင်အတော်မြင့်နေပြီ….ကျနော်အိမ်ရှေ့ထွက်လာတော့ ညက ဆိုက္ကားဆရာကိုတွေ့ရတယ် သူ့ဦးလေးနဲ့အတူ ရှိနေတာကို………..မျက်နှာကလည်းပြုံးနေတာ….
ကျနော်ထွက်လာတာကိုတွေ့တော့ ကျနော်ကို…
“ကဲ ကလေးရေ အခြေအနေတော့ပြီးသွားပြီ … ဘာမှမဖြစ်တော့ဘူး..”
ညက မင်းတို့တွေ့တာ သရဲမဟုတ်ပါဘူး လူပါပဲ…..
ညက ဦးရဲ့တူလေး ဆိုက္ကားပေါ်မှာပါတဲ့ ကောင်မလေးက ခိုးရာလိုက်ဖို့ထွက်လာတာ..သူ့ရည်းစားက ဘုရားကြီးလမ်းက စောင့်နေတာ ……...လမ်းမှာ ဂတ်က ဓါတ်မီးနဲ့ထိုးတော့ ကလေးမလေးက သူ့မျက်နှာလူမြင်မှာစိုးလို့ ပ၀ါနဲ့ အုပ်လိုက်တယ်.။ ဒီတော့ ပ၀ါလေးက လေထဲမှာတလူလူလွင့်နေတာပေါ့……
ဒီမနက်ကျမှ ညက ဖြစ်တဲ့နေရာမှာ ဆိုက္ကားသွားယူတော့ ဂတ်က ရဲဆီမှာမေးပြီးထုတ်လာတာ
“…အဲ.. ဒါဆို……….ဟို… မမက ဘယ်ရောက်သွားလဲ”
ဂတ်တွေကပဲ အသိသက်သေလုပ်ပြီး လက်မှတ်ထိုးပေးလိုက်ကြတယ်… ကောင်မလေးကလည်း ဆိုက္ကားသမားကို ကျေးဇူးတင် တဲ့အနေနဲ့လည်း ပုဆိုးနဲ့ အင်္ကျီဝယ်ပေးလိုက်တယ်………..
“ဟားဟား…..မင်းတို့တွေတော့ဖြစ်ရမယ်………….”
လူကြားလို့မကောင်း…..
ကဲကလေးကို လိုက်ပို့လိုက်ဦး….ဟေ့ကောင်..ကြားလား
“ဟုတ်ကဲ့ ဦးလေး” ဆိုပြီးတော့ ကျနော်ကို ပြန်လိုက်လေသည်။

ကျနော်လည်း ငယ်ငယ်တုန်းကအမှတ်တရလေးပါ ….
ညအမှောင်က လူကိုလှည်းစားတတ်ပါလားနော်………….

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ခုနှစ်၊သြဂုတ်လ(၂)ရက်

8

အပြေးအလွှား "မော်ကျွန်းသား"


ပဲခူးတိုင်းအနောက်၊ သယာဝတီမြို့ဟာ ကျနော်ရဲ့မွေးဖွားရာဇာတိဖြစ်သလို ကျနော်ရဲ့ဘ၀ကိုလည်း တစ်ဆင့်ချိုး ပြောင်းလဲသွားတဲ့ နေရာလည်းတစ်ခုဖြစ်ပါတယ်
ကျနော်(၁၀)နှစ်သားအရွယ်မှာ အဖေက ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်၊ အမေကလည်း ဘာမှမလုပ်တတ်.. အဲ့ဒီအချိန်မှာ အမေ ရဲ့ညီမ ကျနော်ရဲ့အဒေါ်က ကျနော်ကို (10)တန်းအောင်တဲအထိကျောင်းဆက်ထားဖို့တာဝန်ယူပြီး ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း)ကိုခေါ်သွားခဲ့ပါတယ်. အဲ့ဒီအချိန် ကျနော်ရဲ့ အသက်က (၁၁)နှစ် ကျော်ပဲရှိပါသေးတယ်…
( ဒါက အခုမှ စကားစမိလို့ ကိုယ့်အကြောင်းကိုယ် ထည့်ရေးလိုက်တာပါ)။
ကျနော်ပြောချင်တာက မော်ကျွန်းမြို့အကြောင်းလေးပါ(သည်းခံပြီးဖတ်ပေးနော်)
မော်ကျွန်းမြို့ဆိုတာ တကယ်တော့ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းဆိုရင်လည်း မမှားပါဘူး။ အရှေ့ဘက်မှာ ဆိုရင် ကျိုက်ပိမြစ် (အခုတော့ သောင်ထွန်းနေပါပြီ….) တောင်ဘက်မှာ တုံးလဲချောင်း၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တော့ ရာဇူတိုင်နဲ့ ညောင်တုန်းမြစ်တွေ ၀ိုင်းရံနေပါတယ်….
ရာဇူတိုင်မြစ်ကထွက်တဲ့ ငါးသလောက်ဆိုရင် အကောင်းဆုံးအဆူဆုံးလို့ပြောစမှတ်ရှိပါတယ်… ဈေးထဲမှာတောင် မော်ကျွန်း ငါးသလောက်၊ရာဇူတိုင်ငါးသလောက်လို့အော်ရောင်းရင် ဟုတ်တာ/မဟုတ်တာအပထား လူကြိုက်များပြီးဈေးပိုရတတ်ပါတယ်.
ကျွန်တော်ကျောင်းသားအရွယ်(၇)တန်းနှစ်၊၁၉၉၆ခုနှစ်အလွန်ဝန်းကျင်လောက်ကဆိုရင်မော်ကျွန်းဟာမြို့လို့သာဆိုပေမယ့် တကယ့် ကျဉ်းကျဥ်းကလေးပါ. တာဝတိံသာ ဘုရားလမ်းနောက်မှာ ကျောင်းတွေဘုရားတွေရှိပြီး အဲ့ဒီနောက် (၁၃)လမ်း (မြို့ပတ်လမ်း) အနောက်ဘက်မှာ အ.ထ.က(၁)ကျောင်း၊ (၁၂)လမ်း နဲ့(၁၃)လမ်းဒီဘက်ထိပ်မှာဆိုရင် လူသိပ်မရှိတော့ပါဘူး။
မော်ကျွန်းမြို့က မြို့သာသေးပေမယ့် ဘာသာရေးထွန်းကားတဲ့မြို့တွေဆိုတော့ ဘုရားတေ၊ွ ကျောင်းတွေက တော်တော်များ ပါတယ်။ (အစည်ကားဆုံးအချိန်ကတော့ တာဝတိံသာဘုရားဆင်းပွဲ အချိန်ပဲဖြစ်ပါတယ်) အဲ့ဒီအချိန်တုန်းကတော့ ဘုန်းတော် ကြီးကျောင်းငါးဆယ်ကျော်ရှိပါတယ်. မဟာဝတ္တုကံကျောင်း၊ သူဌေးကျောင်း၊ ဘုရားကြီးတိုက်ကျောင်း၊ သာသနာ့ကာရီကျောင်း၊ မင်းကျောင်းဆိုတဲ့တိုက်ကြီးတွေကတော့ အထင်ကရတွေပါပဲ…သံသေတ္တာချောင်းတ၀ိုက်ကြေးဆင်းတု၊ ကျောက်ဆင်းတုဘုရား ကြား၊မင်းကျောင်းရှေ့မှာရှိတဲ့ ဆေးရုံကရင်ခွဲရုံရှိတဲ့နေရာတစ်ဝိုက်တွေမှာသူရဲခြောက်လို့နာမည်ကြီးလေတော့ကျနော်တို့ကလေး တွေဆိုရင် လူကြီးတွေမပါရင် မသွားလာဝံကြဘူး………….
ကျနော်တို့ညနေကျောင်းဆင်းပြီဆိုရင်မင်းကျောင်းတိုက်မှာကျူရှင်တက်ရပါတယ်.ဘုန်းကြီးဆီမှာစာသင်ကြားအဆောင်ကို ခွင့်တောင်းပြီး ကျောင်းက ဆရာမတွေက ပညာဒါန အလှူအဖြစ် မလိုက်နိုင်တဲ့ကလေးတွေအတွက် စာပြန်သင်ပေးပါတယ်.
(ကျနော်လည်းအပါအ၀င်ပါ…. အဲ့ဒီတုန်းက ကျနော်နေတာက ခ.မ.ရ (၅၃၄)ခြေမြန်တပ်ရင်းမှာပါ ……….)ဒါကကြေငြာဝင်တာ။
ကျောင်းဆင်းပြီဆိုရင် မင်းကျောင်းတိုက်ကို အပြေးအလွှားသွားနေရာဦး ဟိုရောက်ရင် ဆရာမတွေကိုစောင့်ရင်း ရင်ခွဲရုံက တစ္ဆေခြောက်ခံရတဲ့အဖြစ်အပျက်တွေ ပြောကြတာပေါ့…….မဟုတ်တာ/ဟုတ်တာ အပထား ကြောက်တတ်သူတွေအဖို့က ကြောက်စိတ်ဝင်စရာပဲပေါ့…………….
မော်ကျွန်းမှာ ရုပ်ရှင်ရုံ(၂)ရုံရှိပါတယ်၊ (၇)လမ်းထိပ်က ပတ္တမြားရုပ်ရှင်ရုံ၊ (၁၃)လမ်းထိပ်ကမြိုင်မာလာရုပ်ရှင်ရုံတို့ဖြစ်ကြပါတယ်။
တစ်နေ့ပေါ့..
အဲ့ဒီတစ်နေ့ကလည်း ကျနော်အတွက်မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ…မနက်ဖန်လိုကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့လို ညနေကျူရှင်အပြီးရုပ်ရှင်သွားကြည့်မယ် ဖြစ်ကြောင်း၊ မြို့ထဲကသူငယ်ချင်းအိမ်မှာပဲ အိပ်မှာဆိုတဲ့အကြောင်း အိမ်ကို ပြောပြိး ခွင့်တောင်းခဲ့တယ်………..
ညနေကျူရှင်ပြီးတော့ ကျနော်  ပတ္တမြားရုပ်ရှင်ရုံကိုသွားကြည့်တယ်…ရုပ်ရှင်ကလည်း ည(၇)နာရီမှာပြတာဆိုတော့ ကျနော့် အတွက် အချိန်မှီခဲ့ပါတယ်…….ရုပ်ရှင်ရုံရောက်တော့ လက်မှတ်ဝယ်…ရုံတွင်းဝင်ထိုင်ပြီး ရုပ်ရှင်ကြည့်ပါတယ်… ဇာတ်လမ်းက လည်း ကောင်းသလားမပြောနဲ့ ကုလားကားလို့မပြောရဘူး တော်တော်ရှည်တဲ့ဇာတ်လမ်း၊ ဇာတ်လမ်းက ခွေးလိမ္မာကားပါ ဇာတ်ကားမှာ အမျိုးသမီးက၀ိညာဉ်ဘ၀နဲ့ သူကလေးကို စောင့်ရှောက်တဲ့အခါမှာ ခွေးကလေးကသခင်အပေါ်ကူညီဆောင်ရွက် ထားတဲ့ ဇာတ်ကားလေးပါကြည့်ရင်းနဲ့ ဘယ်လိုပင်ပြီးသွားလဲ မသိ (ဟဲဟဲ လိုရင်းကမရောက်တော့ဘူး စိတ်ရှည်သီးခံပေးနော်)
ဇာတ်လမ်းပြီးတော့ ရုပ်ရှင်ရုံထဲကအေးဆေးထွက်လာတာပေါ့ ကျနော်က လူတွေတိုးကျိတ်ထွက်ရတာကိုမကြိုက်လို့ပါ
(အဲ့ဒီအကျင့်က အခုထိပါပဲ) စိတ်ထဲမှာတော့ ရုပ်ရှင်ထဲက ၀ိညာဉ်ဘ၀မှာသရုပ်ဆောင်တဲ့ ကုလားအမျိုးသမီးအမူအရာနဲ့ ခွေးလိမ္မာအကြောင်းက စိတ်ထဲမှာဆွဲနေတာ)
နောက်……ဆိုက္ကားငှားပါတယ်
“ဆိုက္ကား..ဆရာ”
“အားပါတယ်… ဘယ်သွားချင်လို့လဲ”
“ကျနော် ဗိုလ်ချုပ်ဈေးကို သွားချင်လို့ပါ”
ကျနော်ပြောနေတုန်းရှိတုန်း အမှောင်ရိပ်ထဲက အမျိုးသမီးတစ်ယောက် အထုပ်(၁)ထုပ်ကိုကိုင်ထားပြီးရောက်လာတယ်….
“ကျမလည်း ဘုရားကြီးရှေ့အထိ လိုက်ချင်ပါတယ်”
“ဒီကလေးက ဗိုလ်ချုပ်ဈေးထိသွားမှာဆိုတော့ လမ်းကြုံပါတယ်၊ ကျမအရေးကြီးနေလို့ပါ”
အဲ့ဒီတော့ဆိုက္ကားဆရာက ပိုက်ဆံရရင်ပြီးတဲ့သဘောလား၊ လမ်းကြုံတာပဲလေ ဆိုပြီးတွေးတဲသဘောလားမသိ
“ကဲ ..ဒီက အစ်မ .ဆိုက္ကားပေါတက်…ညီလေးက နောက်ကစီးလို့ဆိုပြီး” …..စပြီးနင်းတော့တာပဲ
လရောင်ကလည်းမရှိ…. အလင်းရောင်ကလည်းမရှိ….သဖြင့် အမှောင်ထဲမှာရင်တထိတ်ထိတ်ဖြင့် ဆိုက္ကားအရှေ့မီးတစ်လုံး ထွန်းပြီးနင်းလာခဲ့ပါသည်။ (၁၁)လမ်းထိပ်အတိုင်းနင်းလာရာ ဂတ်တဲ(ရဲစခန်း)ရှေ့ရောက်သောအခါ  ဂတ်တဲက လက်နှိပ် ဓါတ်မီးဖြင့်လှမ်းထိုးသည်။
“ဟေ့…ဆိုက္ကားဆရာ……….မင်းဆိုက္ကားပေါ်ကလူက ခေါင်းမပါဘူးလား ဟ”
“ဟင်”
ကျနော်လည်း အလန့်တကြားခေါင်းလှည့်ကြည့်၊ ဆိုက္ကားသမားလည်း ကျနော့်နည်းတူလှည့်အကြိုက်..တွေ့လိုက်ရတာက ဆိုက္ကားအရှေ့မှာစီးနေတဲ့အမျိုးသမီးမှာ ခေါင်းပျောက်နေပြီး  လေထဲတွင် တလူလူလွင့်နေသော ပ၀ါကိုသာတွေ့ရသဖြင့်………. ကျနော်စိတ်ထဲမှာကြောက်စိတ်ဖြစ်သွားပြီးကြက်သီးတွေထသွားတာပေါ့ ဆိုက္ကားဆရာလည်းမှင်သက်သွားပြီး ဆိုက္ကားကိုထိုးရပ် ဒရောသောပါးဆင်းပြေးလေးရော..ကျနော်လည်း အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက်ခဲ့လေတော့သည်။။။။
(ဒုတိယဇာတ်သိမ်းပိုင်း……….စောင့်မျှော်ပါရန်)

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ဇူလိုင်လ(၃၀)ရက်။


11

နှုတ်အမူအရာ ယဉ်ကျေးပါစေ


နှုတ်အမူအရာ ယဉ်ကျေးပါစေ
“ မိုက်တယ်”
“ဂန့်ကွာ”
“လန်းလိုက်တဲ့ စော်”
ဤသို့ ဤသို့လျှင် ယနေ့ခေတ်တွင် လူငယ်တော်များပြောနေကြလေပြီ…။ ဘန်းစကားလို့ဆိုရမည်ပါ။ အချို့စကားလုံးအသုံးအနှုန်းများမှာ အလွန်ပင်ရိုင်းပျလှတာတွေ့ရတယ်..။ မိန်းကလေးဆို မိန်းကလေးလို့ မခေါ် “စော်”  “စော်” နှင့်  ပြောနေသည်။ ထိုစကားလုံးအသုံးအနှုန်းမှာ ကျနော်တို့ လူငယ်ချင်းတော့ နားလည်ကြသည်.။ အသက်ကြီးကြီး လူကြီးတွေတော့ နားမလည်နိုင်။ ဘာကိုဆိုလိုမှန်းမသိ။ အဲ့ဒါအခါ လူငယ်တွေက လူကြီးတွေကို ပြောကြပြန်သည်။ “ Date” အောက်တယ် တဲ့။ “ချီး (Brain) တွေ” တဲ့။  ဒါတောင်ရှိသေးတယ်
သီချင်းတစ်ပုဒ် စာသားကိုလည်းကြည့်ပါဦး (ထိန်ဝင်းနဲ့ ဘန်နီဖြိုး ဆိုထားတာပါ)
@@ စောက်စားစားရင် ပါးစပ်က ပလပ်ပလပ်နဲ့ တကယ်လက်ဖျားခါတယ်------ဆပ်ပြာပဲ
@@ လန်းလန်းလေးမှကြိုက်တယ်ဟုတ် -----ဆပ်ပြာပဲ ၊  ချောချောလေးမှကြိုက်တဲ့--- ဆပ်ပြာပဲ    တဲ့ ။
မလွယ်ဘူ.. မလွယ်ဘူး… (ဒီတိုင်းဆက်သွားရင်တော့……ဟူး )
 “ခေတ်မမှီဘူး”  တဲ့၊ သူတို့ကိုယ်သူတို့ ခေတ်ရှေ့ပြေးနေသည်ဟု ထင်နေကြသည်။ အမှန်တွင်ကား လူကြီးများ ခေတ်နောက်ကျခြင်းမဟုတ်၊ အသက်ရွယ်ကြီးပြင်းလာ၍ မှတ်ဥာဏ်စွမ်းရည်ကျလာခြင်းသာ ဖြစ်ပေလိမ့်မည့် ။။ လူငယ်အချို့မှာတော့ အလွန်ရိုင်းပျနေကြလေပြီ။
လူငယ်အချင်းချင်းတော့ ပေါက်တတ်ကရစကားလုံးတွေသုံးကာ တစ်ယောက်နှင့်တစ်ယောက် နားလည်ကြသည်။
“ခေတ်ရှေ့ပြေးသော ခေတ်လူငယ်” ဟု ဆိုကာ ဗန်းစကားတွေ တစ်လုံးပြီးတစ်လုံးထွင်ကာ ဗန်းစကားမှ ဖျက်စကားဖြစ် နေကြသည်။ “မြန်မာစာပေကို မထိန်းချင်မထိန်းပါနှင့်။ သို့သော် ဖျက်တော့မဖျက်လိုက်ပါနှင့်” ဟုသာပြောရတော့မည်။ လူငယ်ဟူ၍လည်း ကိုယ့်ကိုယ်ကိုယ် ခေတ်ရှေ့တစ်အားပြေးချင်မနေပါနှင့်၊ ခေတ်ရှေ့ပြေးသူဟူလည်း မထင်ပါနှင့်။ ဘာကြောင့်လဲဆိုတော့  ၀တ်စားဆင်ယင်မှု၊ အနေအထိုင်တွင်တော့  သူများနိုင်ငံကို အတုခိုးကာ ခေတ်မှီနေကြသည်၊ အခြားနိုင်ငံများတွင် တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာ၊ စီးပွားရေးနည်းလမ်း၊ ပညာရေးနည်းစနစ်များကိုမူ တစ်ခုမျှမသိ။ တစ်ခြားသူပြောမှ ဟုတ်သည် ဟုတ်သည်နှင့် သံယောင်လိုက်နေကြသည် ဤသည်မှာနောက်လိုက်ဖြစ် မည့်အလားအလာပင်၊ ထိုကြောင့်လူငယ်တိုင်းစာဖတ်ကြရန် ၊ စာဖတ်ခြင်းမှ ဗဟုသုတရနိုင်ကြောင်း တိုက်တွန်းချင်ပါ  သည်။ စာဖတ်ခြင်းဖြင့် ကမ္ဘာကြီးကို တစ်နေ့တစ်ပတ် ပတ်နိုင်သည်။ စာပေဖတ်ရှုခြင်းဖြင့် နှုတ်အမူအရာ မရိုင်းစိုင်း၊ စာဖတ်သူတစ်နေ့တစ်ခြားနည်းလာလေလေ နှုတ်ဆိုးသူပို၍များလာလေပင်ဖြစ်လေသည်။
တစ်ခုပြောပြဖို့ရှိသေးတယ်
နယ်မှ မြို့သို့ပြောင်းလာတဲ့ တောမှဟု ထင်ရလောက်သည့် အသက်ကြီးကြိးအဘွားအိုတစ်ဦးက လမ်းတွင် တွေ့သော မြို့သား တစ်ဥိးအား လမ်းမေးသည်ဆိုပါစို့။။။
“ အဘွားကို လမ်းညွှန်ပေးပါ” လို့ အဘွားအိုက ကုတ်ကုတ်နှင့်ကောင်ကလေးနားကပ်ကာ မေးရှာသည်။ သို့သော် ကောင်ကလေးက  “ မသိဘူး” ဟူ၍ပင်ချက်ချင်းဖြေလိုက်သည်။ အဘွားအို၏ ရင်ထဲ ဘယ်လိုဖြစ်သွားမလဲထင်လဲ။?
သူ၏စိတ်မှာတော့ ရိုင်းပြလှသည်။ သူ၏ နှုတ်မှာတော့ ကြမ်းလှသည် လို့ ချက်ချင်းဆုံးဖြတ်မှာပဲ
ကျွန်တော်မသိလို့ပါ အဘွား”   “ ကျွန်တော်မသိတာ တောင်းပန်ပါတယ် အဘွား” ဟုဖြေလျှင် ဘယ်လောက်များ ကောင်းမည်နည်း။ သူ၏ အဆင့်မှာ အလိုလိုမြင့်သွားမှာ ကျိန်းသေတယ်။။။
အဘွားအိုမှာလည်း မေးလိုက်ရသည့်အတွက် အဖြေမရလိုက်သော်လည်း စိတ်မထိခိုက်သွားရပေ။။ ဒီလိုဆိုလျှင်
ကျွန်တော်တို့မြန်မာပြည်သူတွေကြားမှာ “မသိဘူး” ဆိုသောစကားလုံးကို သုံးသင့်သေးရဲ့လား။
“ မသိလို့ရှင်”   “မသိလို့ပါ ခင်ဗျာ” ကမှတော်ပါလိမ့်မယ်…
အရင်တုန်းက ကျွန်တော် ကျွန်မ လို့ ပြောဆိုသုံးနှုန်းကြပါသည်။
အခု အဲ့လိုပြောလျင် “တောသား၊ တောသူမ” ဟူသော အမြင်ဖြင့်ကြည့်ကြသည်။
“ ငါ.. ငါ”   “ I , I”  ဖြင့် တစ်ငါတည်း ငါ၊ တစ်အိုင်တည်း အိုင်နိုင်လွန်းကြပါသည်။
ဥပမာပြောမယ်ဗျာ
ကျနော် ဂျီတော့ထဲမှာကော အပြင်မှာကော သူငယ်ချင်းတွေရှိပါတယ်
စကားပြောရင်  “ကျွန်တော်ပြောမလို့ပါ”“ကျွန်မ ပြောမလို့ပါ”  အဲ့လိုမပြောဘူး ၊ ဘယ်လိုပြောလဲဆိုတော့
“ I  ပြောမလို့ပါ” တဲ့ ကြားရသူမှာတစ်မျိုးကြီးဖြစ်နေသည်။ နားဝင်ဆန်းနေသည်။ ဤသည်မှာ နှုတ်ရိုင်းခြင်းဟု မဆိုလောက်သော်လည်း မြန်မာလူမျိုးတစ်ဦးအနေဖြင့်… မပြောသင့်ဘူးလို့ထင်တယ်….

အခုခေတ်တွင် စကားပြောလျှင် ဆဲရေးဆိုရေးမပါသည်က ခပ်ရှားရှားပင်၊ အရင်တုန်းကဆိုလျှင် ဆဲသည်မှာ  အလွန်ရိုင်းသည် အလွန်အောက်တန်းကျသည်။။
“ဟိုကောင်” ၊ “ ဟိုကောင်မ” ဟု ပြောလျှင်ပင် ပြောသူကို နှာခေါင်းရှုံ့ကြသည်။ ယခုအခါလူငယ်များအကြားတွင် ယောကျာ်းလေးများသာမက မိန်းကလေးများပါ ဆဲနေကြပါပြီ၊ ရန်ဖြစ်သည်မဆိုထားနှင့် တစ်ဦးနှင့်တစ်ဦး ငြင်းလျှင်ပင် ဆဲသည့်စကားလုံးများက တစ်လုံးပြီးတစ်လုံးပါနေသည်။  တစ်ချို့ မိန်းကလေးများဆိုလျှင်  မိန်းကလေးသာဆိုသည်.. သူတို့၏နှုတ်မှာ ယောကျာ်းကလေးများအတိုင်းပင် တစ်နေ့လုံးဆဲစကားများထွက်နေသည်။ ဆဲဆိုတာဟာ ဘုရားမကြိုက်သော အလုပ်ပင်ဖြစ်သည်။မဟုတ်မမှန်လိမ်ညာပြောဆိုခြင်းသည်လည်း နှုတ်မကောင်းခြင်းဖြစ်သည်။ လိမ်ညာပြောခြင်းမှာ လူကြီး၊ လူငယ် အားလုံးပြုနေကြသည်။.. “သူမသိပါဘူးလေ” လေဟူ၍ တစ်စနှင့်တစ်စ လိမ်လိုက်တာ….လိမ်ဖန်များလာတော့ လိမ်သားရလာတာပေါ့..စကားပြောတိုင်း လိမ်သောစကားသာ ထွက်နေပေတော့မယ် ….
လိမ်ဖန်များလာတော့ လိမ်ရမှာကိုတော့ မကြောက်တော့…
လိမ်သည့်အတွက်ဖြစ်လာမည့်အကျိုးဆက်ကိုလည်း မတွေးတော့။။။။
မပေါ်အောင်လိမ်၊ လိမ်သည်ကို မပေါ်အောင်. ထပ်ညာ…ညာပြီးရင်ညာနေတော့သည်…….

အခုတွေ့နေရသည်မှာ မိန်းကလေးတွင်သာမက ယောကျာ်းလေးများပါ အတင်းအဖျင်းပြောနေကြလေပြီ…
ရှေးခေတ်တုန်းက မိန်းကလေးကိုသာ “ တွတ်…တွတ် .. တွတ်တွတ်” နှင့် အတင်းပြောတတ်ကြသည်ဟု ဆိုကြသည်။
အခုတွင်တော့ လူငယ်ကလေးများဆုံတိုင်း အတင်းပြောလေတော့သည်။( အဲ့သည်ထဲတွင် လည်းကျနော်လည်း ပါဝင်သည်… အခုတော့ ကိုယ်တိုင်ဆင်ခြင်ရပါသည်။) အဓိပ္ပါယ်မရှိသောစကားများကို နှုတ်မှ ကရားရေ တောက် တောက်ကျသကဲ့သို့ပြော၍ပင် မပြိးတော့ချေ ။ ဤသည်မှာ အလကာအကျိုးမဲ့ အလဟသာအချိန်ကို ဖြုန်းနေကြခြင်းပါ … အတင်းပြော၍လည်းအကျိုးမရှိ၊ မပြော၍လည်း အကျိုးမယုတ်နိုင်ပေ…..
ထိုကြောင့်လူငယ်တိုင်းလိုလို အတင်းပြောခြင်းကို တဖြည်းဖြည်း ရှောင်ကြဉ်သင့်ပါတယ်လို့ ကျနော်ထင်တယ်..

လူငယ်ဟူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွဲထမ်းဆောင်ရမည့် အနာဂတ်၏ သား၊ သမီးများ ပင်ဖြစ်သည်။ တိုင်းပြည်ကောင်းမွန်တိုးတက်ရန် လူမျိုးအပေါ်တွင်မူတည်သည်။
လူငယ်တို့၏ နှုတ်အမူအရာကောင်းမွန်မှသာ ကိုယ်အမူအရာကောင်းမွန်ပေမည်။ ကိုယ်အမူအရာကောင်းမွန်မှသာ ဆောင်ရွက်သမျှသော အလုပ်တို့ကောင်းမွန်ပေလိမ့်မယ်။။။
ဤသို့ နှုတ်ကောင်းမွန်ရန် ယဉ်ကျေးစွာပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာမှုမပြုခြင်း၊ လိမ်ညာ၍မပြောခြင်း၊ အကျိုးမရှိသော စကားမပြောခြင်းတို့ဖြစ် အစဉ်သတိပြုနိုင်ကြပါရန် ဆုတောင်းပေးလိုက်ပါတယ်…

            ခင်မင်စွာဖြင့်

 




         ညအလင်္ကာ
        (24/7/2010)

2

လုပ်နိုင်တာထက်ပိုပြီး မလုပ်မိပါစေနဲ့

အလုပ်မှာ စိတ်ရှုပ်တယ်ကွာ
ခိုင်းစရာရှိတဲအခါ ငါက ရှေ့ဆုံးက၊ ရစရာရှိတဲ့အခါ ငါက ဘိတ်ချေး
လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ထိုင်ရင်း မျိုးသူက ရင်ဖွင့်ပါတယ်။။
ခိုင်းစရာရှိတဲ့အချိန်မှာ ကိုယ့်ကိုသတိရရင် ကျေနပ်လိုက်စမ်းပါ လို့အလင်္ကာ က အားပေးတယ်
`ခင်ဗျားဟာက ဘယ်နှယ်ကြီးတုန်း´ လို့ လုလင်ပျိုက မျက်လုံးပြူးပြီး ပြန်မေးတယ်
`ခိုင်းတယ်ဆိုကတည်းက ကိုယ်တတ်မှန်း သိလို့ပေါ့၊ ကိုယ်တတ်တယ်ဆိုတာ အသိမှတ်ပြုဖော်ရတာပဲ ၀မ်းသာလိုက်စမ်းပါဆိုပြီး´အလကာင်္ က ပြောတယ်
`တို့ဌာနမှာ ငါနဲ့အဆင့်တူ လုပ်ငန်းတူတွေရှိတယ် တချို့ကောင်တွေက လုပ်ငန်းနဲ့ ပက်သက်ရင် ဘာမှ ကျွမ်းကျင်တာမဟုတ်ဘူး
သူတို့ ကျွမ်းကျင်တာက ဟ၀ှာလုပ်ဖို့ပဲ´
ကျွမ်းကျင်ရာလိမ္မာရာပေါ့ကွာ…………..လုလင်ပျိုက ၀င်ထောက်ပြန်တယ်……
`လက်တောင်မှ အတိုအရှည် ရှိသေးတာပဲကွာ လုပ်ငန်းခွင်ထဲမှာလဲ လူစုံစရိုက်စုံ ရှိမှာပေါ့
မင်းတို့ကို အလုပ်တူလုပ်ရင်း ပြိုင်တဲ့ မြည်းနှစ်ကောင်အကြောင်း ပုံ ပြောပြမယ်
ဒီလိုကွ

တစ်ခါတုန်းက ခ၀ါသည်တစ်ယောက်မှာ မြည်းနှစ်ကောင်ရှိသတဲ့ အပြောရလွယ်အောင်
မြည်းအေ နဲ့ မြည်းဘီပဲ သုံးမယ်ကွာ၊
မြည်းအေက အင်မတန်ကြွားတတ်သတဲ့
အလုပ်ကို သူများထက်သာအောင် အမြဲလုပ်သတဲ့ ၀န်စည်တွေကို သူများထက်ပိုသယ်တယ်၊
ပိုင်ရှင်ခ၀ါသည်ရှေ့မှာဆိုရင် လမ်းလျောက်တာတောင်မှ ခပ်သွက်သွက်
လျောက်ပြီး သူ့ကို အာရုံစိုက်အောင်လုပ်သတဲ့

`ရိုးရိုးအေးအေး မြည်းဘီကတော့ ပုံမှန်ပဲတဲ့၊ ခ၀ါသည်ခိုင်းသမျှ ပုံမှန်ပဲ လုပ်သတဲ့´
` တစ်ချိန်မှာတော့ ခ၀ါသည်က မြည်းဘီကို မြည်းအေလို အလုပ်လုပ်ဖို့ ဖိအားပေးတာပေါ့´
ဒါပေမဲ့ မြည်းဘီကတော့ လမ်းမြန်မြန်မလျောက်နိုင်လို့ ခ၀ါသည်က ဆောပလောတီးတာပေါ့´
မြည်းဘီက ငိုကြွေးပြီး မြည်းအေကိုရင်ဖွင့်တာပေါ့။
`သူငယ်ချင်းရာ ဒီမှာအတူရှိနေကြတဲ့ တို့နှစ်ကောင်ကို ဘာကြောင့်များ အချင်းချင်း ပြိုင်ခိုင်းနေတာလဲ၊ တို့ဟာပုံမှန်အမြန်နှုန်းနဲ့ဆိုရင်လည်း သယ်နိုင်တဲ့ ၀န်စည်ချင်းလဲ အတူတူပဲဟာတဲ့´

မြည်းဘီက ရင်ဖွင့်တာကို မြည်းအေအတွက် ပိုပြီး အစွမ်းပြဖို့ဖြစ်သွားတယ် နောက်နေ့မှာ မြည်းအေက သူဟာ ၀န်စည်တွေကို ပိုသယ်နိုင်ရုံမျှမက၀န်စည်တွေနဲ့ အမြန်လည်း ပြေးနိုင်တယ်လို့ ခ၀ါသည်ကို မျက်နှာလိုအားရ ပြောတယ်

`ဒီလိုပြောတော့ ခ၀ါသည်က ကျေနပ်အားရတာပေါ့
မြည်းဘီကိုတော့ ခြေထောက်နဲ့ ပိတ်ကန်တယ်၊ နောက်နေ့မှာတော့ မြည်းအေက မျက်နှာကလည်း ပြုံးချိုချိုနဲ့ ၀န်စည်တွေကို ပိုသယ်တဲ့အပြင် အမြန်တောင်မှ ပြေးသွားလိုက်သေးတယ်၊ အဲလိုလုပ်တာက မြည်းဘီအတွ့က်တော့ ရင်သပ်ရှုမောဖွယ် အနေထားပေါ့၊ သူက အဲလို မလုပ်နိုင်ဘူးလေ၊ ခ၀ါသည်ကတော့ မကျေနပ်စရာ ဒါကြောင့် မြည်းဘီကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာပေါ့၊ နောက်ဆုံးမှာ မြည်းဘီဟာ မြေပြင်ပေါ ဗုန်းဗုန်းလဲကျသွားတယ်……….

မြည်းအေကတော့ အရမ်းကို ပျော်ရွှင်နေပြိး သူ့တာဝန်များကို အမြင့်ဆုံးစွမ်းဆောင်တာပေါ့
ဝန်စည်တွေကို ပိုသယ်တယ် တကယ်မြန်မြန်ကြီး ပြေးတယ် ခုချိန်မှာတော့ မြည်းဘီသယ်ခဲ့တဲ့ ၀န်စည်တွေကိုလည်း မြည်းအေကပဲ သယ်ရတော့တာပေါ့၊ ဒါတောင်မှ သူက အပြေးမြန်တုန်းပဲ
`အချိန်နည်းနည်းရလာတော့ မြည်းအေဟာ မောပန်းပင်ပန်းနွမ်းနယ်မှု ၊ နာကျင်မှုတွေ ခံစားလာရတော့တယ်´

ဒါပေမဲ့ ခ၀ါသည်က မြည်းအေဆီကပဲ ယခုရသလောက်ထက်ကို ပိုမျှော်လင့်တာတဲ့
သူလည်း အစွမ်းကုန်ကြိုးစားပါတယ်၊ ဒါပေမဲ့ ပိုင်ရှင်လိုချင်သလောက်တော့ နိုင်နိုင်နင်းနင်း စွမ်းဆောင်မပေးနိုင်တော့ဘူး
ခ၀ါသည်က ဒေါသထွက်လာပြီး မြည်းအေကို ၀န်စည်တွေပိုသယ်ခိုင်းပြီး ဒုက္ခပေးတော့တာပေါ့

မြည်းအေဟာ အချိန်တန်ကြာအောင် အော်ဟစ်ငိုကြွေးနေပေမဲ့ဖြစ်နိုင်သလောက်တော့ ကြိုးစားပြီး လုပ်တယ်
ဒါတောင်မှ ပိုင်ရှင်ရဲ့ အားရကျေနပ်မှုကိုတော့မရဘူး၊နောက်ဆုံးတော့ ခ၀ါသည်က မြည်းအေကို သတ်လိုက်တော့တယ်.

ကိုလုလင်ပျိုက ` ပြီးရောလား´

မပြီးဘူးကွ
နောက်ထပ်မြည်းတွေထပ်ရှာပြန်တယ်

`မြည်းငဖားတွေ ပါလာပြီး ကျန်တဲ့ကောင်တွေ အနေမချောင်တဲ့ ဇာတ်လမ်း၊ လောဘနှုတ်ခမ်းမသတ်နိုင်လို့ အလုပ်သမားကောင်းတွေဆုံးရှုံးရတဲ့ဇာတ်လမ်းတွေလည်း သံသရာလည်နေဦးမှာပဲ´

ဒီတော့ကွာ…`လုပ်ဖော်ကိုင်ဖက် အချင်းချင်းဟာ တက်ညီလက်ညီ လုပ်ဖို့လိုတယ်
ရှိတဲ့-၀န်စည်တွေကို မျှဝေထမ်းရမယ် ၊ ဘော့ရှေ့မှာ ဘယ်သှူမှ လူတွင်ကျယ်လုပ်ပြီး လုပ်အားမပြသင့်ဘူး´
လို့ မှတ်ချက်ပြုရင်း။
×××××××××××
မှတ်ချက်။ ။ လုပ်ငန်းမှာ ကြုံတွေခဲ့ရတဲ့ အဖြစ်ပျက်လေးပါ။
@@@@@@@@@@@@@
ခင်မင်စွာဖြင့်
ညအလင်္ကာ

5

တဖက်သတ်အချစ်

တဖက်သတ်အချစ်

စာပေ၀ါသနာရှင် တစ်ဦးဖြစ်သော မောင်မြလေးနိုင် ၏ တောင်းဆိုမှုကြောင့် ကျွန်တော်၏ ရင်မှဖြစ်ပေါ်လာသောခံစားမှုကို ရေးလိုက်ရခြင်းဖြစ်၍ ပြည့်စုံခြင်းမရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
ညအလင်္ကာ
ရက်စွဲ ၂၀၁၀ ခုနှစ်၊ ဇွန်လိုင်လ (၇)ရက်

+++++++++++++++++++++++++++++++++

အချစ်ဆိုသောအရာသည် လူသားတိုင်း၏ နှလုံးသားမှ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးကို တစ်ဦး စိတ်ဝင်စား၍ တွယ်တာခဲ့ကြ သည်ပင်။ သို့သော် (၅၂၈) ဆိုသော သန့်စင်သောမေတ္တာ၊ အေးမြခိုင်မြဲသောစိတ်တို့နှင့် ချစ်ရသော အချစ်မျိုးနဲ့ (၁၅၀၀) ကိလေသာနှောင်ဖွဲ့၍ တွဲငြိမိသော သံယော်ဇဉ်ကြိုးများနဲ့ ချစ်ခင်စုံမက်၍ဖြစ်ပေါ်လာသော မေတ္တာစိတ်တို့မှ တဆင့် တစ်ဦးတစ်ယောက်၏အပေါ်တွင် သမုဒ္ဒယနှောင်ဖွဲ့၍ တိတ်တခိုးချစ်မိသော တဖက်သတ်အချစ်သည် မျှော်ကိုးစောင့်စား ခြင်း ……တွေ့ရမြင်ရပါများသောအခါ သနားကြင်နာခြင်းဟူသော စိတ်မှစတင်၍ ရစ်ဖွဲ့နှောင်တတ်ကြပေသည်။
ထိုသောအခါ တဖတ်မှ မသိ.. နားမလည် ဟန်ဆောင်သောသူကို ချစ်မိသူတိုင်းမှာ မေတ္တာမိုးခေါင်၍ သဲသောင်ကန္တရာမှာ အချစ်ပန်းကို စိုက်မိတဲ့ ဥယျာဉ်မှူးလို ပွင့်လာလိမ့်နိုးနဲ့ မျှော်ကိုးစောင့်စားတဲ့သူ ပန်းစိုက်သမားနှင့် တူပေသည်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်၍ ချစ်လာမဲ့အချစ်ကို မျှော်လင့်တောင့်တရင်းနဲ့ မေတ္တာတရားကို တမ်းတနေရသူများ ၏ ရင်မှ ဝေဒနာကို နားလည်၍ ပြန်လည်ပေးဆပ်တုန့်ပြန်ခြင်းကို တောင်းခံခြင်းမရှိပဲ အစစအရာရာ ချစ်ရသောသူ၏ စိတ်တိုင်းကျအလိုလိုက်၍ ခွင့်လွှတ်ခြင်းအနစ်နာခံခြင်း ပေးဆပ်ခြင်းများဖြင့် လွမ်းမော၍ ရင်ဝယ်ကြိတ်မှိတ်ခံစားရင်း နေရသူမှာ တံလျပ်ကို ရေထင် ရွှေသမင်မြိုင်ယံကြောမှာ မောရသလိုပင်ဖြစ်ချေမည်။
မေတ္တာရေကြည်တစ်ပေါက်ကို သောက်လိုဇောနဲ့ မီးတောင်ကိုရွှေရောင်ထင်မိတတ်ကြပါသည်။ နေ့စဉ် ချစ်ရတဲ့သူ၏ မျက်နှာကို တွေ့မြင်ရရင် စမ်းနှယ်အေး၍ ပန်းနှယ်မွှေးလာမည်ကိုစောင့်စား၍ရယူလိုကြပေသည်။
သို့သော်လည်း မေတ္တာရေကြည်ခမ်း၍ ပန်းကလေးများညှိုးမည်ကို စိုးရွှံ့၍ တိတ်တခိုးအချစ်နဲ့ ချစ်ရသူများလည်း ရှိကြပေ လိမ့်မည်။ မရွာသောမိုးကိုရယူလိုခြင်း၊ လမင်းကိုရယူလို၍ ဘ၀ငိုစတမ်းဖြစ်ကြရပေမည်။ မပွင့်သောပန်းကို မျှော်လင့်ရင်းများစွာဖြင့် သူသိစေချင်ပါသည်။
ကိုယ့်အပြစ်နဲ့ကိုယ်သာ ရှိပါစေတော့ရယ်လို့ တိတ်တခိုးအချစ်သမားရဲ့ နှလုံးသားမှ ရှိုက်သံနှင့်မျက်ရည်ကို သက်သေပြု၍ သိပါစေကြောင်း ရေးဖွဲရပါတော့သည်။

ခင်မင်စွာဖြင့်
ညအလင်္ကာ

××××××××××××××××××××××
××××××××××××××××××××××××××××

တဖက်သတ်အချစ် ဆိုသော ပိုစ်ကို သူငယ်ချင်း မခိုင်နုငယ် အား ဆက်လက်ရေးသားရန် အကြောင်းကြားခဲ့ပါသည်။
သူငယ်ချင်းရေ အမြန်ဆုံးရေးသားနိုင်ပါစေ...........

7

ကျွန်တော်

ကျွန်တော်

လူဆိုတာ
အသည်းနှလုံးထဲမှာ နှစ်ယောက်နေပြိး
ဦးနှောက်ထဲမှာ တစ်ယောက်တည်းနေသင့်တယ်……

ကျွန်တော်က လေထဲမှာ လျှို့ဝှက်ချက်ကို အော်လိုက်တယ်
လေက ကျွန်တော် လျှို့ဝှက်ချက်ကို သစ်ပင်တွေကို ဖွင့်ပြောလိုက်တယ်……..

မှန်ထဲက ညာလက်ဟာ အပြင်မှာ ကျွန်တော့်ဘယ်လက်
ကျွန်တော့်ကို သစ္စာဖောက်လို့ဆိုသူတွေဟာ ဘာသစ္စာမှ စောင့်သိဖူးတဲ့ လူတွေမဟုတ်ဘူး………

Love Truth and Pardon error ကို Voltaire က ဆိုခဲ့တယ်
ကျွန်တော်က လူတွေကို ခွင့်လွှတ်တယ်..
လူတွေက ကျွန်တော့်ကို ခွင့်မလွှတ်ဘူး

ကဲ့ရဲ့ခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လူကြောက်ဖြစ်ခဲ့တယ်
အပြစ်တင်ခြင်းနဲ့ ကျွန်တော် အတူနေခဲ့ရစဉ် ကျွန်တော် ဝေဖန်ရှုတ်ချသူဖြစ်ခဲ့တယ်
အတိုက်အခံ အာဃာတနဲ့ အတုနေခဲ့ရစဉ် ကျွန်တော် ရန်လိုသူဖြစ်ခဲ့တယ်
မေတ္တာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ချစ်ခင်သူဖြစ်ခဲ့တယ်
အားပေးမှုနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် ကိုယ့်ကိုယ်ပင်ဖြစ်ခဲ့တယ်
သစ္စာတရားနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ဟာ တရားသမားဖြစ်ခဲ့တယ်
ချီးမွမ်းခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် နှစ်သက်ဖွယ်မဟုတ်သူဖြစ်လာတယ်
အတတ်ပညာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လိမ္မာရေးခြားရှိခဲ့သူဖြစ်ခဲ့တယ်

ကျွန်တော်ကိုယ် ကျွန်တော် ကိုယ်စားပြုပြီး ကျွန်တော်ဟာ ကျွန်တော်ဖြစ်ချင်တယ်


ခင်မင်စွာဖြင့်
ညအလင်္ကာ