Monday, May 3, 2010

ဒုတိယအရွယ်နှင့် မေးခွန်းများ

တရွေ့ရွေ့ကုန်ဆုံးလာသော အချိန်များနောက်ဝယ် ကိုယ်တို့တွေ တဖြည်းဖြည်းအိုမင်းခြင်းကို စတင်လာခဲ့ပါတယ်။ ကိုယ် အရင် လေးနှစ်လောက်ထိ ဇရာဆိုတာကို ကိုယ်နဲ့မဆိုင်သလို ခံစားခဲ့တယ်လေ။
အခုဆို ကိုယ့်အသက် နှစ်ဆယ်ခွန်ပြည့်ပါတော့မယ်။ကိုယ်ဟာဖြင့် လူလောကကြီးထဲမှာ နေထိုင်ခဲ့တာ
ပထမ အရွယ်ကိုကျော်လွန်သွားခဲ့ပါပြီ။ချစ်ခင်ခြင်း၊မြတ်နိုးခြင်း၊မုန်းတီးခြင်း အစရှိတဲ့လူရသ တွေကိုလဲ ခံစားသင့်သလောက် ကိုယ်ရရှိခဲ့ပြီးပါပြီ။ ကိုယ်က သူများတွေ(သာမာန်လူတွေထက်တော့) အနည်းငယ်ပို
ကောင်းပိုပါလိမ့်မယ်။ ကိုယ် ၉ တန်းရောက်တဲ့နှစ်မှာ အိမ်ရဲ့စီးပွားရေးဟာ သုညအောက် အနုတ်ပြသွားခဲ့ပါ တော့တယ်။ အကြီးဆုံးသမီး ကိုယ်ဟာလဲ အမေနဲ့ အတူ အဲ့ဒီစီိးပွားပျက်တဲ့ဒဏ်ကို လူးလိမ့်နေအောင်ခံရတော့တာပေါ့။ ကိုယ့်မေမေ ဟာ ပြိုလဲသွားတဲ့စီးပွားရေးကို ထူမတ်ရုံတင်မက စိတ်ဓာတ်တွေပျက်ပြားသွားတဲ့ ဖေဖေ ကိုပါ ပြန်နိုးထစေခဲ့ပါတယ်။ ချို့ချို့ငဲ့ငဲ့နဲ့ကိုယ်၁၀ တန်းကို ရောက်ခဲ့တယ်။ မေမေ့ကျေးဇူးကြောင့် လူတန်းစေ့ သင်ကြားခွင့်ရခဲ့တယ်။ ထားပါတော့လေ။ ကိုယ်ဟာကံ အကြောင်းမလှသူလို့ပဲပေါ့။ကိုယ့်ဘဝကို အားမာန်အပြည့်နဲ့ဖြတ်သန်း ခဲ့စဉ်အခါမှာလဲ ကိုယ်ဟာပါရမီရင့်သန်ခဲ့သူမဟုတ်လေတော့ အမှားပေါင်းများစွာကို ဒဏ်ရာအသွယ်သွယ်လို့
ရင်မှာထားခဲ့သူပေါ့။ကိုယ်ဟာချစ်ခင်သူတွေကိုစိတ်ဆင်းရဲစေတာ မကြာခဏပါပဲ။ အဲ့လိုပဲ မှန်တယ်ထင်ပြီး
ခေါင်းမာခဲ့တာလည်းများခဲ့ပါပြီ။ အမှန်ရယ်အမှားရယ် အဝေခွဲနိုင်လို့ စိတ်ဆင်းရဲခဲ့ရတာ အကြိမ်ကြိမ်ပါ။ ဘယ်လိုပဲပေါ့လေ အမှားတွေဒဏ်ရာတွေရလဲ ငါငယ်သေးတယ် ငါပြင်ဦးမယ် ဆိုပြီးမာန်တစ်ခုနဲ့ ကိုယ်ရှင်သန်ခဲ့ပါတယ်။ တနေ့တော့ ငါ….ဆိုပြီးတော့ပေါ့လေ။ ကိုယ့်ဘဝမှာဖြစ်ချင်တာတွေလဲ တော်တော်များများဖြစ်ခဲ့ပြီးပါပြီ။ မဖြစ်ချင်တာတွေလဲဖြစ်ခဲ့ပါပြီ။အစိုးမရသော အနတ္တ ဆိုတာကြီးကို ကိုယ်သဘောပေါက်သင့်နေပါပြီ။ ရင်တစ်ခုလုံး ဗြောင်းဆန်အောင် စိုးရိမ်ပူပန်ရတဲ့ ဒုက္ခ ဆိုတာကြီးကိုလဲ အသက်နဲ့အမျှ ကိုယ်ခံစားခဲ့ရပါပြီလေ။ ဘာကြောင့်များ ကိုယ်အသိတရားမရနိုင်ခဲ့တာလဲ ဆိုတာ ငယ်ရွယ်သောမာန်ကြောင့်လို့ ကိုယ်အခုသိလိုက်ရပြီလေ။ မနက်ဖြန်ထက်နီးသော သေခြင်းတရားကိုလဲ သတိရကောင်းမှန်းလဲ သိခဲ့ပါပြီ။ အရွယ်ကပေးသော အသိကို ကိုယ်အခုချိန်မှာ တန်ဖိုးရှိအောင် အသုံးချတတ်သင့်ပြီထင်တယ်လေ။ ကိုယ် အခု ဒုတိယအရွယ်ကို စတင်ဝင်ရောက်ခဲ့ပါပြီ။ဒုတိယအရွယ်ရဲ့ အသိကို ကံကောင်းစွာ ကိုယ့်အသိ မှာလင်းခဲ့လို့ ကံတရားရဲ့တိုက်ဆိုင်မှုကိုလဲ ကျေးဇူးတင်ပါတယ်လေ။ ကိုယ်ဟာ တဖြည်းဖြည်း အမျိုးသမီးကြီးတစ်ယောက်ဖြစ်ဦးမှာပါ။ တင်းရင်းခဲ့တဲ့ ကိုယ့်အသားအရေတွေ ကြမ်းရှ ရွတ်တွ လာတော့မယ်။ဘာမှမရှိတဲ့ ဒီလောကကြီးမှာဘာအတွက်များကိုယ်မာန်တက်နေရဦးမလဲ။ ကိုယ်တို့တွေ ဘာတွေများတွယ်တာနေဦးမလဲ။ အသက်ရှင်နေစဉ်မှာ ဘာတွေကို အညှိုးအတေးတွေ ထားဦးမလဲ ၊ သေခြင်းဆိုတာ ကိုအကြောက်တရားနဲ့ပဲ ရင်ဆိုင်ကြမလား ။ ကိုယ်စဉ်းစားစရာတွေ များပါတယ်လေ။ တွယ်စရာမကောင်းတဲ့လူဘဝမှာ ကိုယ်ရဲ့အချိန်တွေ ကို ဘယ်လိုနည်းနဲ့ အသက်ရှင်စဉ် အသုံးချမလဲဆိုတာ ကိုယ့်အဖို့ အရေးကြီးဆုံးမေးခွန်းပါ။ ကိုယ်ရဲ့ဇရာ ကို
ရှင်းရှင်းလင်းလင်း သိရချိန်မှာ ဘာဆက်လုပ်သင့်လဲဆိုတဲ့ ဘာလုပ်နေသင့်လဲ ဆိုတဲ့ဘာသာရေးအသိ ကို
ကိုယ်တွေးရင်း ဖြေဖို့လိုနေပါပြီ။ ဒုတိယ အရွယ်မှာမှ ကိုယ်အသင့်မပြင်ထားရင် သေခြင်းတရားကို ကိုယ်
အနိုင်မယူနိုင်ဖြစ်ရပါလိမ့်မယ်။ အခုချိန်မှာ ကိုယ်မေးခွန်းအတွက် အဖြေ ကို ကိုယ်ရှာဖွေနေမိပါပြီ။

မနုငယ်

1 ယောက်က စာမူခပေးတယ်း):

sosegado said...

မှန်ရာကို ပြောရရင် ကိုယ့်အသက် နှစ်ဆယ်ခွန်မှာ ဇရာကို လုံးဝ မစဉ်းစားမိဘူး၊ မနုငယ်က တွေးမိတယ်ဆိုတော့၊ ရင့်ကျက်မှု့ကို လေးစားမိပါတယ်။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။