Monday, August 9, 2010

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ

အရပ်ထဲမှာနေသော လူတွေ၏ အမြင်များ
သာသနာမှာ ကောင်းတာရှိသလို ဆိုးတာရှိပါတယ်
ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ်အဲ့ဒီလိုရှိပါတယ်
ကျနော်တို့မြန်မာတွေရဲ့ဘာသာရေးနဲ့သာသနာကို စော်ကားတာမဟုတ်ပါ၊
ကိုယ်ပေါင်ကိုယ်လှန်ထောင်း တာလည်းမဟုတ်ပါ။။
အလှူခံတွေ့လျှင် ကန်တော့ပါသေးရဲ့မလုပ်ပဲနဲ့ မိမိတက်နိုင်သမျှလေးလှူလိုက်ပါ .
ကျွန်တော်တို့ တာဝန်က သံဃာကို သံဃာလို့ပဲ ရည်စူးထားဖို့ အရေးကြီးတာပါ
လှူလိုက်ခြင်းဖြင့် စိတ်ကိုဖြုစင်အောင်ထားပြီး ကုသိုလ်ယူကြရအောင်ဗျာ
×××××××××××××××××××××××××

ကျနော်နေထိုင်ခဲ့သော အလုံမြို့နယ်၊ ဆင်မင်းဈေး(သိပ္ပံဈေး)၊ သိပ္ပံလမ်းတွင် မနက်မိုးလင်းသည်နှင့်ပထမဦးဆုံးကြား ရသည့်အသံက ပဲပြုတ်-နံပြား ဆိုတဲ့ဈေးရောင်းတဲ့အသံလေးပါ………..နောက်ဆက်တွဲကြားရသည်က သာသနာအလံ စိုက်ထူထားပြီး အသံကုန်ဖွင့်လာသည့်ဟုယူဆရသော အသံချဲ့စက်တပ်ထားသည် အလှူခံမော်တော်ကားကြီးမှ အသံ ဖြစ်ပါသည်။ အဲ့ဒီလိုအလှူခံကားကြီး ကားငယ်တို့ကို လမ်းမှာလည်းတွေ့ရ၊ အိမ်ရှေ့မှာလည်းတွေ့ရပြီး မလွတ်တမ်း ကြားနေရသည်က အလှူခံတို့၏အသံပင်ဖြစ်ပါသည်။ကားပေါ်တွင် ရဟန်းတစ်ပါး၊ နှစ်ပါးနှင့် လူဝတ်ကြောင်တွေပါလာသည်။ တစ်ခါတစ်လေ အမျိုးသမီးများပင်ပါလာတတ်ကြပါသည်။
မကြာခဏလာပြီးအလှူခံရသည့်အကြောင်းရင်းမှာ-
-၄င်းတို့ကျောင်းကို မြို့သစ်သို့ပြောင်းရွှေ့ခံရ၍ နေရာထိုင်ခင်းအခက်အခဲ
-ရေအခက်အခဲ
-အ၀ီစိတူးရန်
-ရေလှောင်ကန်တည်ဆောက်ရန်
-ရေပိုက်လိုင်းသွယ်ရန်….အစရှိသည်တို့ပေါ့
အလှူခံစဉ် ……….
ဆရာတော်၊သံဃာတော်များက ဒကာ/ဒကာမတို့ကိုအားကိုးတစ်ကြီးနဲ့ အလှူတော်ခံ၊အပူဇော်ခံကြွရောက်လာတာပါ။ အားပါးတရ၊၀မ်းပန်းတသာနဲ့အခွင့်ရတုန်းလှူဒါန်းကြပါ၊ အပေါ်ထပ်မှစေတနာရှင်များဆင်းမလာနိုင်လျှင် တိုက်ပေါ်မှ နေပြီး အလှူငွေကိုအောက်သို့ပစ်ချလိုက်ပါ.. ပစ်ချလို့အပြစ်မမြင်ပါဘူး. ရွှေမိုးငွေမိုးရွာသွန်းဖြိုးသည်ဟုမှတ်ယူပြီး၊ အကျိုးဆောင်များကကောက်ယူကာ ဆရာတော်ထံသို့အလှူရှင်ကိုယ်စား ရိုသေစွာ ဆက်ကပ်လှူဒါန်းပေးပါမည်တဲ့…။

ထို့အပြင်…ရေပိုက်ဖိုး(၅)လုံးစာရပါပြီ တစ်လုံးကို (၃၅၀၀)ကျပါသည်။ နောက်ထပ် ရေပိုက်(၅)လုံးစာမျှရလျှင် ကျွန်တော်တို့ ဒီနေရာကထွက်ခွာပါတော့မည်။။။ အဲ့ဒီလိုနဲ့လှူတဲ့သူက လှူနဲ့ နာရီပိုင်းအတွင်း စံချိန်စံညွှန်းပြည့်သွား ပါတော့သည်။ထိုအခါတွင်ဝမ်းသာအားရဖြင့် သီချင်းဖွင့်ပြီး အလှူခံကားကြီးထွက်သွားပါတော့သည်။။ အပြီးပြန်သွား သည်ဟုမထင်ပါနှင့်…ရှေ့တစ်လမ်းဝင်..နောက်တစ်လမ်းထွက်ဖြင့် အလှူခံကားကြီးမှ အလှူခံအသံပြန်ကြားရပြန်သည်။

တစ်ချို့အလှူခံကားကြတော့မိဘမဲ့ကလေးများကိုကျွေးမွေးပြုစုပညာသင်ပေးထားသည့်
ပရဟိတကျောင်းကဟုဆို ပါသည်။

အိုမင်းသောဆရာတော်ကြီးတစ်ပါးကို လူနှစ်ယောက်တွဲလာကာ၊ ဆရာတော်ကြီးကျန်းမာရေးအတွက် ဆေးဝါးဒါန လှူဒါန်းပါတဲ့…..ဆရာတော်ကြီးခမျာ သက်တော်ကြီးရင့်ပြီး ပင်ပန်းလွန်းသဖြင့်ခေါင်းငိုက်စိုက်ဖြင့် တစ်လှမ်းခြင်းလှမ်း နေရသည်မှာ မြင်ရသူတိုင်း စိတ်မချမ်းသာစရာဖြစ်ပါသည်။

လမ်းသွားရင်း “ဒကာ.. ခဏခဏ” ဆိုတော့ လှမ်းကြည့်တော့ ဦးဇင်းတစ်ပါးတွေ့ရတယ်….
“ဦးဇင်း ရဲ့ ကျောင်းကိုပြန်ရမှာဝေးတာကြောင့်ခရီးစရိတ် လှူဒါန်းပါဆိုပြီး လမ်းတွင် အလှူခံတာလည်းရှိပါသည်။
တစ်ချို့ကျတော့ စာသင်တိုက်တွင် ကျောင်းစာအုပ်လို၍လည်းကောင်း၊ အမျိုးမျိုးတွေ့ကြုံခဲ့ရပါသည်။

သီလရှင်တစ်ပါးသည်လည်း ဖြတ်ပိုင်းစာအုပ်လေးကိုင်ကာ ကျောင်းဆောက်ရန်တစ်ပါးတည်းလာပြီး အလှူခံနေသည် မှာတော်တော်ကြာမြင့်ပြီထင်ပါသည်။တစ်ခါတစ်ရံ တိုက်ရဲ့အောက်ခြေမှ ခေါင်းလောင်းကြိုးကိုဆွဲ၍
ဖြတ်ပိုင်းလေးတွေ ကိုစာအိတ်ထဲထည့်ပြီး အလှူခံတာလည်းရှိပါသည်။

ထို့အတူ ပုထုဇဉ်လူတွေထဲမှာလည်းတွေ့ရပါသည်။ မော်တင်သင်္ဘောဆိပ်တွင် “ သားလေး…တို့ သမီးလေးတို့ ခဏနေကြပါဥိး…. “ ဆိုတဲ့အသံကြောင့် အခေါ်ခံရတဲ့သူတွေ ရပ်သွားတယ်… ဘယ်သူခေါ်တာလဲပေါ့…လှည့်ကြည့် တော့ အဒေါ်ကြီးတစ်ဦး… အကျီလုံချည်သပ်သပ်ရပ်ရပ်ဝတ်ထားပြီး သနပ်ခါးအဖွေးလေးနဲ့ပါ အနားရောက်လာတော့ “အကူအညီလေး တောင်းစရာရှိလို့ပါ” သားရယ် ဆိုပြီး အကြောင်းပြချက်မျိုးစုံဖြင့်
တစ်ခုမဟုတ်တစ်နည်းဖြင့် တောင်းကြပါလိမ့်မယ်…………….

လိမ်ညာစားသောက်နေတဲ့သူတွေကြောင့်ပဲ “တကယ်ဒုက္ခရောက်နေသူတွေအတွက် အခက်အခဲဖြစ်နေကြတာပါ”
"လိမ်ညာစားသောက်အလှူခံနေသူများကြောင့်
အမှန်တကယ်အလှူခံနေသူများပေါ်တွင်
လိမ်ညာသူတို့၏  အရိပ်မည်း စွန်းထင်းရပြန်ပါတော့သည်…."
အကုသိုလ်တွေတစ်ပုံကြီးဖြစ်လာ၏။ မိမိဘာသာစဉ်းစားချင့်ချိန်ကြည့်ရပေတော့မည်။

(အစစ်အမှန်ကိုသိပြီး လှူရလျှင်ဖြင့် အလှူရှင်များမှလည်း စိတ်သန့်ရှင်းပါသည်…..သို့လော်…သို့လော်နှင့် စိတ်ထဲမှာ ဝေခွဲမရပါက လှူသာလှူ၏၊ ကုသိုလ်မရပဲ…အကုသိုလ်ရကြပြန်၏) စကားချပ်
××××××××××××××××××××××××××××××××××××××××××××××××××
မြန်မာတို့၏ ရိုင်းပင်းကူညီတတ်သော အကျင့်
အားနားတတ်သောအကျင့်
စေတနာသဒ္ဒါတရားထက်သန်ခြင်း
ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အမှီပြု၍
“လိမ်ညာတောင်းလျှင် သူ့ကံနဲ့သူခံရလိမ့်မယ်၊လှူတဲ့သူရဲ့စိတ်သားပြတ်သားဖို့ပဲ” ….  
လို့ပါတယ်ဟု… သဘောထားရင် ကျနော့်ရဲ့အမြင်ကို  ဖော်ပြလိုက်ပါတယ်။

ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ သြဂုတ်လ(၉)ရက်။

14 ယောက်က စာမူခပေးတယ်း):

Anonymous said...

ငါယူဆတာတော့ အခုဆို
အဲလိုလူတွေ များလာတယ်လေ
ရမှန်းသိလို့ ပိုလုပ်တယ်ဆိုတာမျိုး ဖြစ်လာတယ်
ပြီးတော့ မကျန်းမာလို့ဆိုတာမျိုးကလက်ခံပါတယ်
အဲလိုမဟုတ်တော့ ပိုပျင်းအောင်၊ ပိုပြီးစိတ်ဓာတ် ပျက်ပြားအောင် လုပ်နေသလိုပဲ
တချို့ဆို သန်သန်မာမာနဲ့လေ ကလေးတွေလည်း ဒီလိုပဲဟ
အဲဒီကလေးတွေကို
အလုပ်ပေးမယ်ဆိုပြီး ခေါ်ခိုင်းရင်
တစ်ပတ်လောက်ဆို မရှိတော့ဘူး
ကြီးကြီးကျယ်ကျယ်ပြောရရင်တော့
စိတ်ဓာတ်ပျက်ပြားကုန်တယ်ပေါ့ဟာ

ခင်မင်စွာဖြင့်
သူငယ်ချင်း ညိုလဲ့ရီ

Naung Taw Lay said...

စာမူခအဖြစ်
အကိုရေ ညီကြုံဖူးတာလေး ပြောပြချင်တယ် ။ ညီတို့ ရန်ကုန်စရောက်
ခါစကပါ။ ပန်းရံထဲမှာလိုက်လုပ်ရတာပါ။ တစ်နေ့ရွှေတောင်ကြားထဲက
ဝန်ကြီးအိမ်တစ်အိမ်ကနေ အလုပ်သိမ်းပြီး အပြန်မှာ ကျွန်တော်တို့ညီကို
နှစ်ယောက် က အိမ်ကိုပြန်မယ့်ကားဂိတ်မှာ မတ်တပ်ရပ်နေတယ်။ သပ်သပ်
ရပ်ရပ်နဲ့ ၀တ်စားထားတဲ့ ကျွန်တော်တို့ အရွယ်လောက် လူရွယ်တစ်
ယောက် အနားရောက်လာပြီး ကားခမရှိတော့လို့ ၂၀၀ လောက်ကူညီ
ပါဗျာလို့ ကျွန်တော့်ကို လာပြောတယ်။ ကျွန်တော်က လူရေနည်းနည်း
တော့ နပ်နေပြီဆိုတော့ မရှိဘူးလို့ပြောလိုက်တယ်။
ကျွန်တော်အကိုဆီသွားပြောတော့ အကိုက သနားပြီး ငွေ ၂၀၀ ပေးလိုက်
တယ်။ တစ်ဖက်ကားဂိတ်က အဖေက ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်
နေတယ်။ အကိုကြီးပိုက်ဆံပေးလိုက်တာတွေ့သွားတယ် ။ အိမ်လည်းကြ
ရော ကောင်ကောင်းဆုံးမတော့တာပဲအကိုရေ ။ ဟုတ်တော့လည်း ဟုတ်တယ်အကိုရ ။ သူဝတ်စားထားတာမှ မင်းသားကြနေတာပဲ
ကျွန်တော်တို့ ကပန်းရံလုပ်စားနေရတဲ့အချိန်။
နောက်တစ်ခါ ၁၀ တန်းနှစ် ဆရာမအိမ်မှာ သွားနေတယ်။ ဈေးသွားဝယ် ရင်းနဲ့ လူတစ်ယောက် အနားရောက်လာတယ်။ ကြည့်လိုက်တော့ မြင်ဖူး သလိုပဲပေါ့ ။ လား လား ဟိုအရင်လာတောင်းသွားတဲ့ မင်းသားကြီး ပါလား။
ဒီတစ်ခါလည်း ထိုနည်းလည်းကောင်းပဲ ။ နေပါဗျာ ဆိုပြီး သုတ်ခဲ့ရတယ် အကိုရေ။
အကိုပြောတာ မှန်ပါတယ် ။ တကယ်လိုအပ်နေသူတွေနဲ့ အလိမ်အညာ တွေကြားမှာ လှူကြတန်းကြတဲ့သူတွေအဖို့ ဒွိဟစိတ်တွေ ဖြစ်လာ ရတာပဲ။
ပြတ်ပြတ်လှူလိုက်တာ ကောင်းပါတယ် အကိုရယ်။
ကိုလည်းအလှူအတန်း အကြီးအကျယ်တော့ လုပ်နိုင်တာ မဟုတ်ပါဘူး။
တစ်ကျပ်လှူလှူ အပြတ်သာလှူလိုက်ပါမယ် အကိုရေ။

Anonymous said...

ကျေးဇူးတင်တယ်ညီရေ
ညီရဲ့စကားကိုကြားရတာ အားရှိသွားတယ်

ညအလင်္ကာ

SHWE ZIN U said...

ဟုတ်ပဗျာ အရပ်ထဲ မှာ တော့ ဒီလိုပါဘဲ ကျနော် ကတော့ တတ်နိုင်သလောက် တော့ အလှူခံရင် လှူလိုက်တာပါဘဲ ဒါပေမဲ့ သန်သန် စွမ်းစွမ်း ကြီးတွေ နဲ့ လိမ်ညာတောင်း ခြောက်လှန့်တောင်း နေကြတာကိုတော့ မုန်းတယ်

အဖြူရောင်နတ်သမီး said...

လှူချင်တဲ့စိတ်ရှိရင် လှူသာလှူလိုက် သူငယ်ချင်းရေ...
ကိုယ့်ရဲ့သဒ္ဓါတရား သာလျှင် အရေးကြီးဆုံးပဲ...

ဒေါင်းမင်း said...

ကျွန်တော်ကတော့လှူချင်တဲ့စိတ်ကိုအဓိကထားပါတယ်။မလှူချင်ရင်လုံးဝလှူဘူး။လှူချက်စိတ်ဖြစ်နေလို့ကတော့ လမ်းဘေးကသူတောင်းစားဖြစ့်ဖြစ့်
တွေ့တဲ့လူခေါ်ပြီးမုန့်ဝယ်ကြွေးလိုက်တယ်။အဲကျမှစိတ်ကဆန်ဒပြည့်ဝတယ်။

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

ရွှေအတုတွေ ပေါ်လာတာ ရွှေအစစ်ရှိလို့ပါ။ တန်ဖိုးရှိတဲ့အရာ မှန်သမျှ သက်ရှိမှာဖြစ်ဖြစ် သက်မဲ့မှာပဲဖြစ်ဖြစ် အတုတွေပေါ်တတ်စမြဲလို့ထင်ပါတယ်။
အတုတွေနဲ့ ကြုံရဖန်များလာတဲ့ သူတွေအဖို့ အစစ်တွေနဲ့ တကယ်
တွေ့တဲ့အခါဇဝေဇ၀ါ ဖြစ်ဖြစ်သွားတတ်ကြတာလည်း သဘာဝပါ။

အလှူလုပ်လို့မွဲတဲ့သူ မရှိပေမယ့် အလိမ်ခံထိလို့မွဲသွားတဲ့ သူတွေတော့ အများကြီးရှိပါတယ်။ အလှူခံပုဂ္ဂိုလ် အတုတွေကြောင့် သဒ္ဓါတရား
မွဲသွားကြသူတွေလည်း မနည်းတော့ပါဘူး။

ဦးဇင်းအမြင်ကတော့ အတုတွေကြောင့် အစစ်သူမြတ်တွေကိုရော၊ မိမိတို့ရဲ့ စေတနာသဒ္ဓါတရားတွေကိုပါ မထိခိုက်စေရအောင် ကာကွယ်စောင့်ရှောက် သင့်ကြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

ကျန်းမာပါစေ---

ခိုင်နုငယ် said...

အထက်ပါ..ဦးဇင်းပြောသွားသလိုပါပဲ။
အစစ်ရှိရင်..အတုတွေပေါ်လာတတ်စမြဲပါ။
ဒါပေမယ့်လှူပြီးသွားရင်တော့..အကျိုးမယုတ်လျော့လေအောင်
သဒ္ဓါတရားမှိန်မသွားဖို့တော့လိုအပ်တာပေါ့။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

mabaydar88 said...

ကိုည ရေ...

မဗေဒါတို့တွေ ကိုယ့်အသိနဲ့ပဲ စဉ်းစားဆင်ခြင်ရတော့မလိုတော့ ဖြစ်သား..။

ဒါပေမဲ့လို့လည်း ချမ်းသာတဲ့သူတွေကတော့ ဒီလိုလုပ်လောက်ဘူး ထင်တာပဲ.. ဆိုတော့ ဆင်းရဲလွန်းလို့များ ဒီလို ရရာ ရကြောင်း ဟိုဟာ ခုတုံးလုပ် ဒီဟာ ခုတုံးလုပ်ကြတာ ထင်ပါရဲ့.. သနားတော့ သနားစရာ.. နောက် သူတို့လည်း အခုလို ပေါက်ကရ တွေ လျှောက်လုပ်တာ ပျော်နေမယ်တော့ မထင်လောက်ပါဘူး ..။ အမြင်ကို ပြောတာပါ.. ..။ လှူတာကတော့ ကိုယ်စိတ်ပျက်သားရင် ကုသိုလ် ရသွားမှာပါပဲ..။ မပျက်ရင် မလှူပဲ ထားလိုက်တာ အကောင်းဆုံးလို့ ယူဆ ပါကြောင်း ၉ ယောက်မြောက် စာမူခ ပေးပါတယ်..ရှင်........။

မဗေဒါ (၈၈)

Anonymous said...

မမဗေဒါရေ

တစ်ချို့ကျတော့ တမင်တကာကိုစီးပွားရှာတာ မိဘကိုယ်တိုင်က လုပ်ခိုင်းတာ
ပုသိမ်မှာ တက္ကသိုလ်တက်တုန်းက သူတို့ကို အင်တာဗျူးကြီးဘူးသေးတယ်
သူတို့ကိုလည်း Workshop မှာလည်း အလုပ်ပေးဖူးတယ် သိပ်မကြာဘူး
ကလေးတွေလက်ဆော့တာနဲ့ ဟိုပစ္စည်းပျောက် ဒီပစ္စည်းပျောက်နဲ့လေ
အလွယ်လိုက်တယ်လို့ပြောရမယ်

ဘာပဲဖြစ်ဖြစ် အခုလိုစာမူခပေးခဲ့သော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိပါတယ်ဗျာ

ခင်မင်စွာဖြင့်
ညအလင်္ကာ

Anonymous said...

"မောင်လေးရေ လှူတဲ့သူရဲ့စိတ်ထားပြတ်သားဖို့လိုတယ်ဆိုတာဟုတ်ပါတယ်
ကိုယ့်စေတနာနဲ့လှူတာဆိုတော့ဘယ်လိုဘဲဖြစ်နေပါစေ ကိုယ့်စိတ်ကိုဖြူအောင်
ထားပြီးကုသိုလ်ယူဖို့ဘဲရှိတာပေါ့ မောင်လေးတစ်ယောက်စာတွေရေးရင်း
အောင်မြင်တဲ့ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ပါစေနော်

ခင်မင်တဲ့
Lapyae Wun

blackroze said...

လှူပြီးရင်ဘာမှမစဉ်းစားတာအကောင်းဆုံးဘဲ
နို့မို့ဆိုရင်ဒါနမမြောက်ဘဲနေလိမ့်မယ်
လှူလိုက်ပြီဆိုရင်စိတ်ပြတ်ပြတ်နဲ့သာထားလိုက်ပါ
အဲဒါအကောင်းပါဘဲ

ခေတ် said...

ဒါကတော့ အမျိုးမျိုးပါပဲ အစ်ကိုရေ တစ်ချို့ကတော့ လိုအပ်လို့ လုပ်စားတာ တစ်ချို့ကတော့ လုပ်ကိုမစားချင်လို့ပျင်းလို့ ဖျင်းလို့ လုပ်စားတာ အဲ့ဒီလူတွေ ကြောင့်ပဲ တကယ် ဒုက္ခဖြစ်နေတဲ့ လူတွေ ဒုက္ခရောက်တာ
အလှူခံတဲ့ ကိစ္စ မှာတော့ ဘာမှမပြောချင်တော့ပါဘူး ညာဝါးပြီးလုပ်စားတဲ့ လူတွေ ကြောင့် တကယ့်အလှူခံတွေ မျက်နှာပျက်ရ အထင်သေးခံရဖြစ်တာ မှန်ပေမယ့် ကျွန်တော့် သဘောဆိုရင်တော့ ညာဝါးတာပဲဖြစ်ဖြစ် အရှိအတိုင်းပဲ ဖြစ်ဖြစ် ကိုယ့် သဒ္ဒါတရားက အဓိကပါပဲ အစ်ကိုရေ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းရှင်းနဲ့ သာလှူပါ မကောင်းတဲ့အရာက မကောင်းတဲ့ဘက်ကို သွားပါလိမ့်မယ် အဓိကက ဟိုအတွေး ဒီအတွေးတွေ ကြောင့် ကိုယ့်သဒ္ဒါတရားကိုတော့ အပွန်းအပဲ့မခံပါနဲ့ အစ်ကိုရေ အဆင်ပြေပါစေ ညီလေး

Anonymous said...

ဒါက ညီအသိဆုံးပါ
အကိုနဲ့ညီက လက်တွေ့ကြုံခဲ့တာပဲလေ
ညီပြောတာလည်းမှန်တယ်
ကိုယ့်ရဲ့ သဒ္ဒါတရားကသာ အဓိကပါပဲ
အကိုလည်းရေးထားတာပဲလေ

ညအလင်္ကာ

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။