Friday, January 22, 2010

ဆက်လက်လွင့်ပျံ့ နေဦးမည်

အိပ်မက်တွေကိုယုံကြည်ရင်း
လွင့်မျောခဲ့ဖူးသည် အနာဂတ်တို့လည်းလှပခဲ့ဖူးသည်
ဆုပ်ကိုင်ထားခဲ့သောလက်အစုံသည်နွေးထွေးခဲ့လေ၏
ဘယ်ညာယိမ်းထိုးနေသော စိတ်အစုံသည်ရပ်တန့်တည်ငြိမ်ခဲ့ပါသည်
ပန်းပွင့်နှင့်ယက်လုပ်ထားသော အိပ်မက်တို့သည်
လင်းပွင့် ရှင်သန်ခဲ့ပါသည်။

ကျွန်တော့်ကို ကျွန်တော်မဆုပ်ကိုင်နိုင်ခင်
ဗီးနပ်စ်ကပစ်ခွင်းတော် မူခဲ့လေသည်
အပြာရောင် နေ့ရက်များသည် ပျိုပျိုလွင်လွင်ရှိလှသည်
ဘယ်အရပ်မှ တိုက်ခတ်သည်မသိသော
လေညှင်းနုလေးများသည် ကျွန်တော်နှလုံးသားကို
ယစ်ယစ်မူးမူး ကလူကျီစယ်သွားခဲ့သည်
ထိုနောက် ကျွန်တော်ပျော်ဝင်ခဲ့လေသည်။

ရည်ရွယ်ရင်းမရှိပါပဲလျှက်
ကျွန်တော်ဆွတ်ပျံ့ ခဲ့ဖူးပါသည်
အင်းယား၏ခုံတန်းလျားလေးနှင့်အတူ
ချစ်သူ၏တီတီတာတာသံလေးများ ခုန်ပေါက်ခဲ့ဖူးပါ၏
ထို့အတူ ချစ်သူပါးပြင်ထက်သို့
တရုတ်စံကားပွင့်လို ဖြူလွှလွှခြွေချခဲ့ရင်း
အချိန်ဆိုတာကြီးကို ကျွန်တော်မေ့နေခဲ့ဖူးပါသည်။

စွဲလန်းခြင်းသည်
ခရီးရက်ရှည်လွန်ခဲ့၍
အလွမ်းသည် နာတာရှည်လဲလျှောင်းနေသည်
ညများစွာ တောက်ပခဲ့ဖူးသော်လည်း
မရိုးအီနိုင်စွာ လူးလွန်ခဲ့ပါသည်
အိပ်ပျက် ညများစွာသည်
လှပအုံ့မြူးနေလေသည်။

သူမကိုကျွန်တော်ချစ်ပါသည်
သူမသည် ကျွန်တော့်နှလုံးသွေးတွေ မရပ်တန့်ခင်ထိ
ကျွန်တော်နှင့်အတူထာဝရတည်ရှိနေဦးမည်ဖြစ်သည်
ရာဇ၀င်မတွင်သော်လည် သူမသည်ကျွန်တော့်နှလုံးသား၏
နတ်ဘုရားမ တစ်ပါးဖြစ်လေသည်
ထို့ကြောင်ပင်လျှင်
ကျွန်တော်သည် ပါးကွပ်သား၏လက်တော်မှောက်မှာ
ကျေနပ်စွာဒူးထောက်ခဲ့သောအပြစ်သားဖြစ်တော်မူခဲ့လေသည်။

ကျေနပ်ခဲ့ပါ၏
မိုးစက်တို့လွင့်ပျံနေတုန်း
ကျွန်တော်တို့အတူ တစ်မိုးအောက်မှာခိုလှုံခဲ့ဖူးပါသည်
နှုတ်ခမ်းတို့ စိုစွတ်တုန်ရီခဲ့ဖူးပါသည်
ရင်ခုန်သံခြင်း ထပ်တူထပ်မျှဖြစ်ခဲ့ဖူးလေသည်
မမြင်ရသော အနာဂတ်သည် ၀င်းပနေမည်ဆိုလျှင်
ကျွန်တော်တို့အတူ ဆက်လက်လွင့်ပျံ့နေဦးမည်ဖြစ်ပါသည်။

မောင်ဖိုးနမ်း



1 ယောက်က စာမူခပေးတယ်း):

မောင်မိုး said...

ကိုဖိုးနမ်းရေ..ဒီကဗျာကိုဖတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲက သီချင်းတစ်ပုဒ်ကို သွားပြီးသတိရမိတယ်။ လွမ်းလွမ်းဆွေးဆွေးပါပဲဗျာ။

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။