8

အပြေးအလွှား "မော်ကျွန်းသား"


ပဲခူးတိုင်းအနောက်၊ သယာဝတီမြို့ဟာ ကျနော်ရဲ့မွေးဖွားရာဇာတိဖြစ်သလို ကျနော်ရဲ့ဘ၀ကိုလည်း တစ်ဆင့်ချိုး ပြောင်းလဲသွားတဲ့ နေရာလည်းတစ်ခုဖြစ်ပါတယ်
ကျနော်(၁၀)နှစ်သားအရွယ်မှာ အဖေက ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်၊ အမေကလည်း ဘာမှမလုပ်တတ်.. အဲ့ဒီအချိန်မှာ အမေ ရဲ့ညီမ ကျနော်ရဲ့အဒေါ်က ကျနော်ကို (10)တန်းအောင်တဲအထိကျောင်းဆက်ထားဖို့တာဝန်ယူပြီး ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း)ကိုခေါ်သွားခဲ့ပါတယ်. အဲ့ဒီအချိန် ကျနော်ရဲ့ အသက်က (၁၁)နှစ် ကျော်ပဲရှိပါသေးတယ်…
( ဒါက အခုမှ စကားစမိလို့ ကိုယ့်အကြောင်းကိုယ် ထည့်ရေးလိုက်တာပါ)။
ကျနော်ပြောချင်တာက မော်ကျွန်းမြို့အကြောင်းလေးပါ(သည်းခံပြီးဖတ်ပေးနော်)
မော်ကျွန်းမြို့ဆိုတာ တကယ်တော့ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းဆိုရင်လည်း မမှားပါဘူး။ အရှေ့ဘက်မှာ ဆိုရင် ကျိုက်ပိမြစ် (အခုတော့ သောင်ထွန်းနေပါပြီ….) တောင်ဘက်မှာ တုံးလဲချောင်း၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တော့ ရာဇူတိုင်နဲ့ ညောင်တုန်းမြစ်တွေ ၀ိုင်းရံနေပါတယ်….
ရာဇူတိုင်မြစ်ကထွက်တဲ့ ငါးသလောက်ဆိုရင် အကောင်းဆုံးအဆူဆုံးလို့ပြောစမှတ်ရှိပါတယ်… ဈေးထဲမှာတောင် မော်ကျွန်း ငါးသလောက်၊ရာဇူတိုင်ငါးသလောက်လို့အော်ရောင်းရင် ဟုတ်တာ/မဟုတ်တာအပထား လူကြိုက်များပြီးဈေးပိုရတတ်ပါတယ်.
ကျွန်တော်ကျောင်းသားအရွယ်(၇)တန်းနှစ်၊၁၉၉၆ခုနှစ်အလွန်ဝန်းကျင်လောက်ကဆိုရင်မော်ကျွန်းဟာမြို့လို့သာဆိုပေမယ့် တကယ့် ကျဉ်းကျဥ်းကလေးပါ. တာဝတိံသာ ဘုရားလမ်းနောက်မှာ ကျောင်းတွေဘုရားတွေရှိပြီး အဲ့ဒီနောက် (၁၃)လမ်း (မြို့ပတ်လမ်း) အနောက်ဘက်မှာ အ.ထ.က(၁)ကျောင်း၊ (၁၂)လမ်း နဲ့(၁၃)လမ်းဒီဘက်ထိပ်မှာဆိုရင် လူသိပ်မရှိတော့ပါဘူး။
မော်ကျွန်းမြို့က မြို့သာသေးပေမယ့် ဘာသာရေးထွန်းကားတဲ့မြို့တွေဆိုတော့ ဘုရားတေ၊ွ ကျောင်းတွေက တော်တော်များ ပါတယ်။ (အစည်ကားဆုံးအချိန်ကတော့ တာဝတိံသာဘုရားဆင်းပွဲ အချိန်ပဲဖြစ်ပါတယ်) အဲ့ဒီအချိန်တုန်းကတော့ ဘုန်းတော် ကြီးကျောင်းငါးဆယ်ကျော်ရှိပါတယ်. မဟာဝတ္တုကံကျောင်း၊ သူဌေးကျောင်း၊ ဘုရားကြီးတိုက်ကျောင်း၊ သာသနာ့ကာရီကျောင်း၊ မင်းကျောင်းဆိုတဲ့တိုက်ကြီးတွေကတော့ အထင်ကရတွေပါပဲ…သံသေတ္တာချောင်းတ၀ိုက်ကြေးဆင်းတု၊ ကျောက်ဆင်းတုဘုရား ကြား၊မင်းကျောင်းရှေ့မှာရှိတဲ့ ဆေးရုံကရင်ခွဲရုံရှိတဲ့နေရာတစ်ဝိုက်တွေမှာသူရဲခြောက်လို့နာမည်ကြီးလေတော့ကျနော်တို့ကလေး တွေဆိုရင် လူကြီးတွေမပါရင် မသွားလာဝံကြဘူး………….
ကျနော်တို့ညနေကျောင်းဆင်းပြီဆိုရင်မင်းကျောင်းတိုက်မှာကျူရှင်တက်ရပါတယ်.ဘုန်းကြီးဆီမှာစာသင်ကြားအဆောင်ကို ခွင့်တောင်းပြီး ကျောင်းက ဆရာမတွေက ပညာဒါန အလှူအဖြစ် မလိုက်နိုင်တဲ့ကလေးတွေအတွက် စာပြန်သင်ပေးပါတယ်.
(ကျနော်လည်းအပါအ၀င်ပါ…. အဲ့ဒီတုန်းက ကျနော်နေတာက ခ.မ.ရ (၅၃၄)ခြေမြန်တပ်ရင်းမှာပါ ……….)ဒါကကြေငြာဝင်တာ။
ကျောင်းဆင်းပြီဆိုရင် မင်းကျောင်းတိုက်ကို အပြေးအလွှားသွားနေရာဦး ဟိုရောက်ရင် ဆရာမတွေကိုစောင့်ရင်း ရင်ခွဲရုံက တစ္ဆေခြောက်ခံရတဲ့အဖြစ်အပျက်တွေ ပြောကြတာပေါ့…….မဟုတ်တာ/ဟုတ်တာ အပထား ကြောက်တတ်သူတွေအဖို့က ကြောက်စိတ်ဝင်စရာပဲပေါ့…………….
မော်ကျွန်းမှာ ရုပ်ရှင်ရုံ(၂)ရုံရှိပါတယ်၊ (၇)လမ်းထိပ်က ပတ္တမြားရုပ်ရှင်ရုံ၊ (၁၃)လမ်းထိပ်ကမြိုင်မာလာရုပ်ရှင်ရုံတို့ဖြစ်ကြပါတယ်။
တစ်နေ့ပေါ့..
အဲ့ဒီတစ်နေ့ကလည်း ကျနော်အတွက်မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ…မနက်ဖန်လိုကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့လို ညနေကျူရှင်အပြီးရုပ်ရှင်သွားကြည့်မယ် ဖြစ်ကြောင်း၊ မြို့ထဲကသူငယ်ချင်းအိမ်မှာပဲ အိပ်မှာဆိုတဲ့အကြောင်း အိမ်ကို ပြောပြိး ခွင့်တောင်းခဲ့တယ်………..
ညနေကျူရှင်ပြီးတော့ ကျနော်  ပတ္တမြားရုပ်ရှင်ရုံကိုသွားကြည့်တယ်…ရုပ်ရှင်ကလည်း ည(၇)နာရီမှာပြတာဆိုတော့ ကျနော့် အတွက် အချိန်မှီခဲ့ပါတယ်…….ရုပ်ရှင်ရုံရောက်တော့ လက်မှတ်ဝယ်…ရုံတွင်းဝင်ထိုင်ပြီး ရုပ်ရှင်ကြည့်ပါတယ်… ဇာတ်လမ်းက လည်း ကောင်းသလားမပြောနဲ့ ကုလားကားလို့မပြောရဘူး တော်တော်ရှည်တဲ့ဇာတ်လမ်း၊ ဇာတ်လမ်းက ခွေးလိမ္မာကားပါ ဇာတ်ကားမှာ အမျိုးသမီးက၀ိညာဉ်ဘ၀နဲ့ သူကလေးကို စောင့်ရှောက်တဲ့အခါမှာ ခွေးကလေးကသခင်အပေါ်ကူညီဆောင်ရွက် ထားတဲ့ ဇာတ်ကားလေးပါကြည့်ရင်းနဲ့ ဘယ်လိုပင်ပြီးသွားလဲ မသိ (ဟဲဟဲ လိုရင်းကမရောက်တော့ဘူး စိတ်ရှည်သီးခံပေးနော်)
ဇာတ်လမ်းပြီးတော့ ရုပ်ရှင်ရုံထဲကအေးဆေးထွက်လာတာပေါ့ ကျနော်က လူတွေတိုးကျိတ်ထွက်ရတာကိုမကြိုက်လို့ပါ
(အဲ့ဒီအကျင့်က အခုထိပါပဲ) စိတ်ထဲမှာတော့ ရုပ်ရှင်ထဲက ၀ိညာဉ်ဘ၀မှာသရုပ်ဆောင်တဲ့ ကုလားအမျိုးသမီးအမူအရာနဲ့ ခွေးလိမ္မာအကြောင်းက စိတ်ထဲမှာဆွဲနေတာ)
နောက်……ဆိုက္ကားငှားပါတယ်
“ဆိုက္ကား..ဆရာ”
“အားပါတယ်… ဘယ်သွားချင်လို့လဲ”
“ကျနော် ဗိုလ်ချုပ်ဈေးကို သွားချင်လို့ပါ”
ကျနော်ပြောနေတုန်းရှိတုန်း အမှောင်ရိပ်ထဲက အမျိုးသမီးတစ်ယောက် အထုပ်(၁)ထုပ်ကိုကိုင်ထားပြီးရောက်လာတယ်….
“ကျမလည်း ဘုရားကြီးရှေ့အထိ လိုက်ချင်ပါတယ်”
“ဒီကလေးက ဗိုလ်ချုပ်ဈေးထိသွားမှာဆိုတော့ လမ်းကြုံပါတယ်၊ ကျမအရေးကြီးနေလို့ပါ”
အဲ့ဒီတော့ဆိုက္ကားဆရာက ပိုက်ဆံရရင်ပြီးတဲ့သဘောလား၊ လမ်းကြုံတာပဲလေ ဆိုပြီးတွေးတဲသဘောလားမသိ
“ကဲ ..ဒီက အစ်မ .ဆိုက္ကားပေါတက်…ညီလေးက နောက်ကစီးလို့ဆိုပြီး” …..စပြီးနင်းတော့တာပဲ
လရောင်ကလည်းမရှိ…. အလင်းရောင်ကလည်းမရှိ….သဖြင့် အမှောင်ထဲမှာရင်တထိတ်ထိတ်ဖြင့် ဆိုက္ကားအရှေ့မီးတစ်လုံး ထွန်းပြီးနင်းလာခဲ့ပါသည်။ (၁၁)လမ်းထိပ်အတိုင်းနင်းလာရာ ဂတ်တဲ(ရဲစခန်း)ရှေ့ရောက်သောအခါ  ဂတ်တဲက လက်နှိပ် ဓါတ်မီးဖြင့်လှမ်းထိုးသည်။
“ဟေ့…ဆိုက္ကားဆရာ……….မင်းဆိုက္ကားပေါ်ကလူက ခေါင်းမပါဘူးလား ဟ”
“ဟင်”
ကျနော်လည်း အလန့်တကြားခေါင်းလှည့်ကြည့်၊ ဆိုက္ကားသမားလည်း ကျနော့်နည်းတူလှည့်အကြိုက်..တွေ့လိုက်ရတာက ဆိုက္ကားအရှေ့မှာစီးနေတဲ့အမျိုးသမီးမှာ ခေါင်းပျောက်နေပြီး  လေထဲတွင် တလူလူလွင့်နေသော ပ၀ါကိုသာတွေ့ရသဖြင့်………. ကျနော်စိတ်ထဲမှာကြောက်စိတ်ဖြစ်သွားပြီးကြက်သီးတွေထသွားတာပေါ့ ဆိုက္ကားဆရာလည်းမှင်သက်သွားပြီး ဆိုက္ကားကိုထိုးရပ် ဒရောသောပါးဆင်းပြေးလေးရော..ကျနော်လည်း အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက်ခဲ့လေတော့သည်။။။။
(ဒုတိယဇာတ်သိမ်းပိုင်း……….စောင့်မျှော်ပါရန်)

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ဇူလိုင်လ(၃၀)ရက်။


3

“အဖြူရောင်နတ်သမီး” (တစ်နှစ်ပြည့်အထိမ်းအမှတ်)


“အဖြူရောင်နတ်သမီး”
(တစ်နှစ်ပြည့်အထိမ်းအမှတ်)
၂၀၁၀ ခုနှစ်၊ဇူလိုင်(၃၀)ရက် 

ရာအားလုံးကို ပြုံးပျော်ရွှင်စွာဖြင့်
ဖြူစင်သောနှလုံး နွေးထွေးစွာဖြင့်ကြို
ရောင်စဉ်သံလွင်လွင် ချိုမြစွာသူပြုံး
နတ်မိမယ်ထင်မှား အလှတရားဖြင့်
စ်လွင်စွာဝတ်ဆင် ယဉ်ကျေးဟန်မူရာ
မီးရှူးတန်ဆောင်လို ပမာငယ်တင်စား
တစလောက်ကလုံးရဲ့ စွမ်းအားရှင်လားကွယ်
နှစလိုဖွယ်စိတ်ထား မာန်တရားမရှိ
ပြည့်စုံမှုတွေကို စွမ်းဆောင်စိတ်ထားနဲ့
ရာရာငြိမ်းချမ်း စိတ်စေတနာများ
ထိမ်းသိမ်းပေးခဲ့သူ မေတ္တာရှင်စိတ်ထား
င်အားတွေသူ့ဟန် ကြိုးစားမာန်အသင့်
မှတယူ၍တင်စား.. အဖြူရောင်ဝတ်စုံ
ပွဲအလယ်မှာသူတင့်တယ်နေပြီမို့
ဂုဏ်ပြုစွာရေးသီကုံးမိတယ်
အဖြူရောင်နတ်သမီးရဲ့ ဘ၀ပုံရိပ်လွှာ

                                                                          ရေးသားသူ :ညအလင်္ကာ

7

ပျောက်ဆုံးနေသောကိုယ်တခြမ်း


●●●လူဆိုတာတစ်ယောက်စီမနေနိုင်တဲ့သတ္တဝါလို့ပဲ ပြောဆိုစမှတ်ရှိခဲ့တယ်။
●●●အခြံအရံတွေနဲ့အိမ်ထောင်တွေနဲ့တင့်တယ်မြဲ
●●●ကိုယ်မှာတော့လေ တစ်ကောင်ထဲ…..မျက်စိလည်။

လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်လျှောက်မိတော့ အဆိုပါစိုင်းထီးဆိုင်ရဲ့တေးသံလေးကလွင့်နေတယ်။
ကျမစဉ်းစားရင်းပြုံးမိသေးတယ်။
ငါ့များစောင်းဆိုနေတာလားပေါ့။
ကျမကိုသူငယ်ချင်းတွေက အပျိုကြီးဆိုပြီးနောက်လေ့ရှိကြတာကို………
သူတို့ကတော့ သူတို့အားကိုးရာချစ်ခင်ရာ အိမ်ထောင်ဖက်တွေ ။ တချို့ကသားတွေသမီးတွေ .တချို့ကလာလတ္တံ့သော ရင်သွေးတွေ ရင်ဝယ်ပိုက်နေကြလို့ပေါ့။ အဲ့သည်လို လူစုံတွဲတွေကြားထဲမှာ ကျမကတော့တစ်ကောင်ထဲပေါ့လေ။ ကျန်ခဲ့တဲ့ ရက်အနည်းငယ်ကလဲ ကျမသူငယ်ချင်း ညအင်္လကာ က သူ့မဟေသီနဲ့ထိပ်ထားပေါက်စလေကိုကြွားပါတယ်။ ချစ်စရာ မိသားစုလေးကိုကြည့်ရတာ အလွန်အေးချမ်းလှပါတယ်။ မေတ္တာတွေ ချစ်ခြင်းတွေပွားစည်ရာ ဂေဟာလေးပေါ့လေ။ သူတို့ သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးကြ၊ သံယောဇဉ်တွေဖြစ်ကြနဲ့.နောက်ဆုံးအိမ်ထောင်ပြုကြခြင်း တွေကို ကြည့်ပြီး …………………
အော်……..အချစ်ဆိုခြင်းရဲ့တုပ်နှောင်စွမ်းကို အံ့သြမိပါသေးတယ်.။ အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအထွေထွေ ပြောကြ ပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်း အမျိုးမျိုးပေါ့လေ။ ကျမက တော့ အချစ်ဆိုသည်မှာ “ပျောက်ဆုံးနေသောကိုယ်တခြမ်း” ရယ်လို့ သာထင်မြင်မိပါတယ်လေ……..။.။
ပုံပြင်လေးက……….ဒီလို……..
ဟိုးရှေးရှေးခေတ်များစွာတုန်းက လူသားတွေက အလွန်အားကြီးကြသတဲ့ နတ်ဘုရားများကိုတောင် ရန်မူနိုင်ကြတဲ့အထိပေါ့၊ အဲ့ဒီလိုရန်မူနိုင်ကြတော့လဲသူတို့တွေကမာန်မာနတွေလဲထောင်လွှားကြသတဲ့ပေါ့။ (မာန်မာနရယ်၊ အောင်မြင်ခြင်းရယ်ဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ထင်ပါတယ်) အဲ့ဒီလိုပေါ့သူတို့တွေ ဘာကြောင့်အားကြီးကြတယ်၊ခွန်အားဗလကောင်းကြသလဲ ဆိုတော့ သူတို့မှာ ကျား၊ မ အင်္ဂါ နှစ်စုံ လုံးပါသတဲ့ကွယ်။ အဲ့သလိုမျိုးပြည့်စုံနေတော့ သူတို့ကနတ်ဘုရားတွေတောင် ဂရုမစိုက်သလိုတွေဖြစ်လာကြတာမဆန်းဘူးထင်ပါတယ်။ အဲ့ဒီတော့ နတ်ဘုရားများကစိတ်ဆိုးကြတာပေါ့။ သူတို့အုပ်ချုပ်တဲ့ နေရာမှာနေရင်း သူတို့ထက် မာနတွေကြီးနေတော့ မကြိုက်တော့ဘူးပေါ့လေ။ မရိုသေမလေးစားရင် ဘယ်လူကြီးမိဘကမှ ချစ်မြတ်နိုးမှာ မဟုတ်တာ သိပ်သေချာတာပေါ့။အဲ့ဒီတော့ ကဲဒီလောက်တောင် မာန်မာနကြီး၊ ရိုသေလေးစားမှုမရှိတဲ့ လူတွေ ဒီခန္ဓာကိုယ်တွေနှစ်ပိုင်းကွဲစေလို့ ကျိန်စာတိုက်လိုက်တော့တာပေါ့ ။(တပိုင်းသည် ကျား ။တပိုင်းသည် မ အဖြစ် ကွဲကွာ သွားကြတော့တာပေါ့လေ) အဲ့ဒီအချိန်ထဲက လူတွေဟာ ခွန်အားအရာ ကျဆုံးပြီး မာန်တွေကျသွားလေတော့ နတ်ဘုရားတွေ ကောင်းမွန်စွာအုပ်ချုပ်နိုင်ကြတော့တာပေါ့။ ဒါအပြင် တစ်ကိုယ်ထဲကနေ နှစ်ပိုင်းခွဲခံလိုက်ရတဲ့ အဲ့ဒီကျားနဲ့မတို့ဟာ ပျောက်ဆုံး သွားတဲ့သူတို့ကိုယ်တစ်ပိုင်းကိုရှာဖွေကြရတော့တာပေါ့။
ဒါကြောင့်လဲ ကျမတို့တွေ ခုချိန်ထိကျမတို့ရဲ့ ပျောက်ဆုံးနေသော ကိုယ်တခြမ်း ကိုရှာနေကြရတာပေါ့လေ။တချို့တွေကလဲ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ်တခြမ်းကိုတွေ့လို့ တချို့ကလဲ ရှာကြဖွေကြဆဲပေါ့။
အိမ်ထောင်ကျလို့ ပျော်ရွှင်နေတဲ့ ကျမသူငယ်ချင်း မိတ်ဆွေများကတော့ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကိုယ်တခြမ်းကို ရှာဖွေ တွေ့ရှိသူတွေပေါ့လေ။
သူတို့ရဲ့ပျော်ရွှင်သောအိမ်ထောင်ရေးလေးများ ထာဝရသာယာပါစေလို့ ဆုတောင်းရင်း ကျမလဲ ကျမရဲ့ကိုယ်တခြမ်းလေးကို
စောင့်မျှော်လိုက်ပါဦးမယ်ရှင်။

မနုငယ်

7

အမှားဆိုတာ (ကိုယ်ပိုင်စာမျက်နှာ ၄ )

အမှားဆိုတာ 
(3) မျိုးပဲရှိတယ်

1. တစ်ပါးသူက မိမိအပေါ်ကျူးလွန်သောအမှား
2. မိမိကတစ်ပါးသူအပေါ် ကျူးလွန်သောအမှား
3. အဆိုးဆုံးကတော့မိမိကိုယ်မိမိကျူးလွန်သောအမှား

ကျနော်ကတော့ အဆိုးဆုံးသော အမှားဖြစ်တဲ့
မိမိကိုယ် မိမိကျူးလွန်သောအမှားထဲမှာပါတယ်
အချိန်တွေသာ ပြန်ပြီးနောက်ဆုတ်လို့ရရင်
ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက်
ခွင့်လွှတ်ဖို့ 
ပြန်လည်ဝန်ချတောင်းပန်လို့ရရင် သိပ်ကောင်းမှာပဲဗျာ
ကိုယ့်ကိုယ်ပြန်ကြည့်ပြီးတော့လည်း စိတ်မှာ
နောင်တပေါင်းများစွာနဲ့အထပ်ထပ်ခါ ရနေမိတော့တယ်


ညအလင်္ကာ 
၂၀၁၀ ခုနှစ်၊ ဇွန်လိုင်လ (၂၆)ရက်

11

နှုတ်အမူအရာ ယဉ်ကျေးပါစေ


နှုတ်အမူအရာ ယဉ်ကျေးပါစေ
“ မိုက်တယ်”
“ဂန့်ကွာ”
“လန်းလိုက်တဲ့ စော်”
ဤသို့ ဤသို့လျှင် ယနေ့ခေတ်တွင် လူငယ်တော်များပြောနေကြလေပြီ…။ ဘန်းစကားလို့ဆိုရမည်ပါ။ အချို့စကားလုံးအသုံးအနှုန်းများမှာ အလွန်ပင်ရိုင်းပျလှတာတွေ့ရတယ်..။ မိန်းကလေးဆို မိန်းကလေးလို့ မခေါ် “စော်”  “စော်” နှင့်  ပြောနေသည်။ ထိုစကားလုံးအသုံးအနှုန်းမှာ ကျနော်တို့ လူငယ်ချင်းတော့ နားလည်ကြသည်.။ အသက်ကြီးကြီး လူကြီးတွေတော့ နားမလည်နိုင်။ ဘာကိုဆိုလိုမှန်းမသိ။ အဲ့ဒါအခါ လူငယ်တွေက လူကြီးတွေကို ပြောကြပြန်သည်။ “ Date” အောက်တယ် တဲ့။ “ချီး (Brain) တွေ” တဲ့။  ဒါတောင်ရှိသေးတယ်
သီချင်းတစ်ပုဒ် စာသားကိုလည်းကြည့်ပါဦး (ထိန်ဝင်းနဲ့ ဘန်နီဖြိုး ဆိုထားတာပါ)
@@ စောက်စားစားရင် ပါးစပ်က ပလပ်ပလပ်နဲ့ တကယ်လက်ဖျားခါတယ်------ဆပ်ပြာပဲ
@@ လန်းလန်းလေးမှကြိုက်တယ်ဟုတ် -----ဆပ်ပြာပဲ ၊  ချောချောလေးမှကြိုက်တဲ့--- ဆပ်ပြာပဲ    တဲ့ ။
မလွယ်ဘူ.. မလွယ်ဘူး… (ဒီတိုင်းဆက်သွားရင်တော့……ဟူး )
 “ခေတ်မမှီဘူး”  တဲ့၊ သူတို့ကိုယ်သူတို့ ခေတ်ရှေ့ပြေးနေသည်ဟု ထင်နေကြသည်။ အမှန်တွင်ကား လူကြီးများ ခေတ်နောက်ကျခြင်းမဟုတ်၊ အသက်ရွယ်ကြီးပြင်းလာ၍ မှတ်ဥာဏ်စွမ်းရည်ကျလာခြင်းသာ ဖြစ်ပေလိမ့်မည့် ။။ လူငယ်အချို့မှာတော့ အလွန်ရိုင်းပျနေကြလေပြီ။
လူငယ်အချင်းချင်းတော့ ပေါက်တတ်ကရစကားလုံးတွေသုံးကာ တစ်ယောက်နှင့်တစ်ယောက် နားလည်ကြသည်။
“ခေတ်ရှေ့ပြေးသော ခေတ်လူငယ်” ဟု ဆိုကာ ဗန်းစကားတွေ တစ်လုံးပြီးတစ်လုံးထွင်ကာ ဗန်းစကားမှ ဖျက်စကားဖြစ် နေကြသည်။ “မြန်မာစာပေကို မထိန်းချင်မထိန်းပါနှင့်။ သို့သော် ဖျက်တော့မဖျက်လိုက်ပါနှင့်” ဟုသာပြောရတော့မည်။ လူငယ်ဟူ၍လည်း ကိုယ့်ကိုယ်ကိုယ် ခေတ်ရှေ့တစ်အားပြေးချင်မနေပါနှင့်၊ ခေတ်ရှေ့ပြေးသူဟူလည်း မထင်ပါနှင့်။ ဘာကြောင့်လဲဆိုတော့  ၀တ်စားဆင်ယင်မှု၊ အနေအထိုင်တွင်တော့  သူများနိုင်ငံကို အတုခိုးကာ ခေတ်မှီနေကြသည်၊ အခြားနိုင်ငံများတွင် တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာ၊ စီးပွားရေးနည်းလမ်း၊ ပညာရေးနည်းစနစ်များကိုမူ တစ်ခုမျှမသိ။ တစ်ခြားသူပြောမှ ဟုတ်သည် ဟုတ်သည်နှင့် သံယောင်လိုက်နေကြသည် ဤသည်မှာနောက်လိုက်ဖြစ် မည့်အလားအလာပင်၊ ထိုကြောင့်လူငယ်တိုင်းစာဖတ်ကြရန် ၊ စာဖတ်ခြင်းမှ ဗဟုသုတရနိုင်ကြောင်း တိုက်တွန်းချင်ပါ  သည်။ စာဖတ်ခြင်းဖြင့် ကမ္ဘာကြီးကို တစ်နေ့တစ်ပတ် ပတ်နိုင်သည်။ စာပေဖတ်ရှုခြင်းဖြင့် နှုတ်အမူအရာ မရိုင်းစိုင်း၊ စာဖတ်သူတစ်နေ့တစ်ခြားနည်းလာလေလေ နှုတ်ဆိုးသူပို၍များလာလေပင်ဖြစ်လေသည်။
တစ်ခုပြောပြဖို့ရှိသေးတယ်
နယ်မှ မြို့သို့ပြောင်းလာတဲ့ တောမှဟု ထင်ရလောက်သည့် အသက်ကြီးကြိးအဘွားအိုတစ်ဦးက လမ်းတွင် တွေ့သော မြို့သား တစ်ဥိးအား လမ်းမေးသည်ဆိုပါစို့။။။
“ အဘွားကို လမ်းညွှန်ပေးပါ” လို့ အဘွားအိုက ကုတ်ကုတ်နှင့်ကောင်ကလေးနားကပ်ကာ မေးရှာသည်။ သို့သော် ကောင်ကလေးက  “ မသိဘူး” ဟူ၍ပင်ချက်ချင်းဖြေလိုက်သည်။ အဘွားအို၏ ရင်ထဲ ဘယ်လိုဖြစ်သွားမလဲထင်လဲ။?
သူ၏စိတ်မှာတော့ ရိုင်းပြလှသည်။ သူ၏ နှုတ်မှာတော့ ကြမ်းလှသည် လို့ ချက်ချင်းဆုံးဖြတ်မှာပဲ
ကျွန်တော်မသိလို့ပါ အဘွား”   “ ကျွန်တော်မသိတာ တောင်းပန်ပါတယ် အဘွား” ဟုဖြေလျှင် ဘယ်လောက်များ ကောင်းမည်နည်း။ သူ၏ အဆင့်မှာ အလိုလိုမြင့်သွားမှာ ကျိန်းသေတယ်။။။
အဘွားအိုမှာလည်း မေးလိုက်ရသည့်အတွက် အဖြေမရလိုက်သော်လည်း စိတ်မထိခိုက်သွားရပေ။။ ဒီလိုဆိုလျှင်
ကျွန်တော်တို့မြန်မာပြည်သူတွေကြားမှာ “မသိဘူး” ဆိုသောစကားလုံးကို သုံးသင့်သေးရဲ့လား။
“ မသိလို့ရှင်”   “မသိလို့ပါ ခင်ဗျာ” ကမှတော်ပါလိမ့်မယ်…
အရင်တုန်းက ကျွန်တော် ကျွန်မ လို့ ပြောဆိုသုံးနှုန်းကြပါသည်။
အခု အဲ့လိုပြောလျင် “တောသား၊ တောသူမ” ဟူသော အမြင်ဖြင့်ကြည့်ကြသည်။
“ ငါ.. ငါ”   “ I , I”  ဖြင့် တစ်ငါတည်း ငါ၊ တစ်အိုင်တည်း အိုင်နိုင်လွန်းကြပါသည်။
ဥပမာပြောမယ်ဗျာ
ကျနော် ဂျီတော့ထဲမှာကော အပြင်မှာကော သူငယ်ချင်းတွေရှိပါတယ်
စကားပြောရင်  “ကျွန်တော်ပြောမလို့ပါ”“ကျွန်မ ပြောမလို့ပါ”  အဲ့လိုမပြောဘူး ၊ ဘယ်လိုပြောလဲဆိုတော့
“ I  ပြောမလို့ပါ” တဲ့ ကြားရသူမှာတစ်မျိုးကြီးဖြစ်နေသည်။ နားဝင်ဆန်းနေသည်။ ဤသည်မှာ နှုတ်ရိုင်းခြင်းဟု မဆိုလောက်သော်လည်း မြန်မာလူမျိုးတစ်ဦးအနေဖြင့်… မပြောသင့်ဘူးလို့ထင်တယ်….

အခုခေတ်တွင် စကားပြောလျှင် ဆဲရေးဆိုရေးမပါသည်က ခပ်ရှားရှားပင်၊ အရင်တုန်းကဆိုလျှင် ဆဲသည်မှာ  အလွန်ရိုင်းသည် အလွန်အောက်တန်းကျသည်။။
“ဟိုကောင်” ၊ “ ဟိုကောင်မ” ဟု ပြောလျှင်ပင် ပြောသူကို နှာခေါင်းရှုံ့ကြသည်။ ယခုအခါလူငယ်များအကြားတွင် ယောကျာ်းလေးများသာမက မိန်းကလေးများပါ ဆဲနေကြပါပြီ၊ ရန်ဖြစ်သည်မဆိုထားနှင့် တစ်ဦးနှင့်တစ်ဦး ငြင်းလျှင်ပင် ဆဲသည့်စကားလုံးများက တစ်လုံးပြီးတစ်လုံးပါနေသည်။  တစ်ချို့ မိန်းကလေးများဆိုလျှင်  မိန်းကလေးသာဆိုသည်.. သူတို့၏နှုတ်မှာ ယောကျာ်းကလေးများအတိုင်းပင် တစ်နေ့လုံးဆဲစကားများထွက်နေသည်။ ဆဲဆိုတာဟာ ဘုရားမကြိုက်သော အလုပ်ပင်ဖြစ်သည်။မဟုတ်မမှန်လိမ်ညာပြောဆိုခြင်းသည်လည်း နှုတ်မကောင်းခြင်းဖြစ်သည်။ လိမ်ညာပြောခြင်းမှာ လူကြီး၊ လူငယ် အားလုံးပြုနေကြသည်။.. “သူမသိပါဘူးလေ” လေဟူ၍ တစ်စနှင့်တစ်စ လိမ်လိုက်တာ….လိမ်ဖန်များလာတော့ လိမ်သားရလာတာပေါ့..စကားပြောတိုင်း လိမ်သောစကားသာ ထွက်နေပေတော့မယ် ….
လိမ်ဖန်များလာတော့ လိမ်ရမှာကိုတော့ မကြောက်တော့…
လိမ်သည့်အတွက်ဖြစ်လာမည့်အကျိုးဆက်ကိုလည်း မတွေးတော့။။။။
မပေါ်အောင်လိမ်၊ လိမ်သည်ကို မပေါ်အောင်. ထပ်ညာ…ညာပြီးရင်ညာနေတော့သည်…….

အခုတွေ့နေရသည်မှာ မိန်းကလေးတွင်သာမက ယောကျာ်းလေးများပါ အတင်းအဖျင်းပြောနေကြလေပြီ…
ရှေးခေတ်တုန်းက မိန်းကလေးကိုသာ “ တွတ်…တွတ် .. တွတ်တွတ်” နှင့် အတင်းပြောတတ်ကြသည်ဟု ဆိုကြသည်။
အခုတွင်တော့ လူငယ်ကလေးများဆုံတိုင်း အတင်းပြောလေတော့သည်။( အဲ့သည်ထဲတွင် လည်းကျနော်လည်း ပါဝင်သည်… အခုတော့ ကိုယ်တိုင်ဆင်ခြင်ရပါသည်။) အဓိပ္ပါယ်မရှိသောစကားများကို နှုတ်မှ ကရားရေ တောက် တောက်ကျသကဲ့သို့ပြော၍ပင် မပြိးတော့ချေ ။ ဤသည်မှာ အလကာအကျိုးမဲ့ အလဟသာအချိန်ကို ဖြုန်းနေကြခြင်းပါ … အတင်းပြော၍လည်းအကျိုးမရှိ၊ မပြော၍လည်း အကျိုးမယုတ်နိုင်ပေ…..
ထိုကြောင့်လူငယ်တိုင်းလိုလို အတင်းပြောခြင်းကို တဖြည်းဖြည်း ရှောင်ကြဉ်သင့်ပါတယ်လို့ ကျနော်ထင်တယ်..

လူငယ်ဟူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွဲထမ်းဆောင်ရမည့် အနာဂတ်၏ သား၊ သမီးများ ပင်ဖြစ်သည်။ တိုင်းပြည်ကောင်းမွန်တိုးတက်ရန် လူမျိုးအပေါ်တွင်မူတည်သည်။
လူငယ်တို့၏ နှုတ်အမူအရာကောင်းမွန်မှသာ ကိုယ်အမူအရာကောင်းမွန်ပေမည်။ ကိုယ်အမူအရာကောင်းမွန်မှသာ ဆောင်ရွက်သမျှသော အလုပ်တို့ကောင်းမွန်ပေလိမ့်မယ်။။။
ဤသို့ နှုတ်ကောင်းမွန်ရန် ယဉ်ကျေးစွာပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာမှုမပြုခြင်း၊ လိမ်ညာ၍မပြောခြင်း၊ အကျိုးမရှိသော စကားမပြောခြင်းတို့ဖြစ် အစဉ်သတိပြုနိုင်ကြပါရန် ဆုတောင်းပေးလိုက်ပါတယ်…

            ခင်မင်စွာဖြင့်

 




         ညအလင်္ကာ
        (24/7/2010)

8

သမီးတို့အိမ်

Image and video hosting by TinyPic 
ချစ်သမီးနဲ့ချစ်ဇနီးပါ (ကျွန်တော့်ဘ၀အနာဂတ်အလင်းတွေပေါ့)


သမီးတို့အိမ်

သမီးတို့အိမ် ဘယ်သူတွေနေ
ဖေဖေ မေမေ သမီးတို့နေ
တစ်ယောက်နှစ်ယောက် ရေတွက်ကြည့်
အိမ်သား သုံးယောက်ရှိ.......................

ဖေဖေက အလုပ်သွားရာ
သမီးနဲ့ အမေ ကျန်ခဲ့တာ
သုံးထဲက တစ်ကိုနှုတ်
နှစ်ယောက်ကျန်တယ်ပေါ့......................

သမီးကြီးလာ ကျောင်းသွားကာ
မေမေ ကျန်ခဲ့တာ
နှစ်ထဲက တစ်ကိုခွဲ
မေမေတစ်ယောက်တည်း...............


ညအလင်္ကာ
(21/7/10)

3

ပုံပြောပြမယ်..မောင်လေးငယ်

မောင်လေးရေ ငါ့မောင်လေးက မှန်လေးတကြည့်ကြည့်နဲ့ လှအောင်ချောအောင် ပြင်ပြင်နေတာ တွေ့တွေ့နေပါတယ်လေ။ ပြီးရင် ကိုယ်ကိုယ်ကိုယ် မှန်ထဲကြည့်လို့ ကျေနပ်နေပြန်ရော။ မောင်လေးရေ ယောင်္ကျားလေးတစ်ယောက်အတွက် ချောတာလှတာ စိတ်ထားကောင်းဖို့ ဖြူစင်ဖြောင့်မတ်ဖို့လောက် အရေးမကြီး
ပါဘူးမောင်လေးရယ်။ မောင်လေးချစ်သူလေးကလဲ အခုနေတော့ ချောစေချင်လှစေချင်ပေမဲ့ တကယ်တန်းလက်တွဲ
တော့မယ်ဟေ့ဆိုရင် အရည်အချင်းရှိပြီး စိတ်ထားမြင့်မြတ်သူကိုသာ ရွေးချယ်လိမ့်မပေါ့ ကလေးရဲ့။ ပြီးတော့ မကြီးကြည့်နေတာ ငါ့မောင်ကတော်ရုံတန်ရုံလှချင်နေရင်တော်ပြီပေါ့ ။ကိုယ့်ကိုယ်ကိုယ် အရိပ်တကြည့်ကြည့်နဲ့လှချင်ချောချင်နေစရာ မလိုပါဘူမောင်လေးရယ်။ ဟုတ်ဘူးလား။ မောင်လေးရေ အဲ့လို ကိုယ်ကိုယ်ကိုယ် သိပ်လှချင်ချောချင်ပြီး ကိုယ်ကိုယ်အစွဲကြီးလွန်းတဲ့ ယောင်္ကျားကို နာဆစ်ဆပ်လို့ တင်စားသတဲ့ကွယ် ။မကြီးလဲ ဆရာမမတင်ဝင်းစာအုပ်ဖတ်မိလို့သိတာ မောင်လေးရဲ့။အဲ့တာရောဂါတစ်မျိုးလို့တောင်ပြောသေးတယ်။ဒုက္ခနော်။အဲ့ဒီ နာဆစ်ဆပ်ဆိုတာကလဲပန်းလေးရဲ့အမည်ကိုပြောတာမောင်လေးရဲ့။အမယ်သူ့မှာလဲသမိုင်းကြောင်းလေးတောင်ရှိပါသေးတယ်။ပုံပြင်လေးပေါ့ကလေးရယ်။ကြုံတုန်းတိုက်ဆိုက်တုန်းမို့ မကြီးပြောပြပါဦးမယ်။
ဟိုးရှေးအခါများဆီက နာဆစ်ဆပ်ဆိုတဲ့ သူငယ်လေးတစ်ယောက်ရှိသတဲံ့ ။သူဟာအလွန်ချောမောလှပပါသတဲ့။ (ဆရာမကြီးကတော့ ဂရိချောချောတဲ့သူငယ်လေးလို့ဆိုပါတယ်)။ အဲ့ဒီသူငယ်
လေးဟာ အမဲလိုက်ကို ဝါသနာပါလေတော့ တောထဲမှာ အမြဲဆိုသလို အမဲလိုက်ထွက်လေ့ရှိပါသတဲ့မောင်လေးရေ။
သူကတောထဲအနေများတော့ တောထဲကနတ်သေးသေးလေး (နတ်အငယ်စားလေးပေါ့) က ချစ်ခင်နှစ်သက်သွားပါ
လေရောကွယ်။အဲ့ဒီနတ်သေးသေးလေး နာမည်က အက်ခို(ECHO)တဲ့မောင်လေးရဲ့ ။
ခက်တာက အဲ့ဒီနာဆစ်ဆပ် က အလွန် မာန်မာနကြီးတဲ့သူဖြစ်နေလေတော့ အဲ့ဒီအက်ခိုလေးကို လုံးဝမ
ချစ်ရှာဘူးတဲ့ကွယ်။ သူမခင်မျာလဲ အချစ်စိတ်တွေဖိစည်းပြီး စိတ်ဆင်းရဲနေလိုက်တာ တဖြည်းဖြည်း ကိုယ်လုံးလေး
ပျောက်သွားလိုက်တာ အသံသေးသေးလေးသာကျန်ခဲ့ပါရောလား။ အော် အချစ်စိတ်နော်ကြောက်စရာကောင်းလိုက်
တာ။မောင်လေးချစ်သူကောင်မလေး ကိုပြောပါဦး။အဲ့ကလေးမလေးက ငါ့မောင်အပေါ်အချစ်ကြီးတယ်။ ကြာရင်အန္တရာယ်ဖြစ်လာမယ်။မောင်လေးက လဲ ဆိုးတာတွေလျှော့မှပေါ့ ။ကဲ ပုံပြင်က လည်သွားပြီ။ အဲ့ဒီ အထဲကပေါ့
လေ တောထဲတောင်ထဲသွားရင် အော်လိုက်တဲ့အခါ ပဲ့တင်သံပြန်လာတာကို နတ်သေးလေး အက်ခိုကပြန်အော်ပါတယ်
လို့ယုံကြည့်ကြတော့ ပဲ့တင်သံကို အက်ခို(ECHO) လို့ခေါ်ခဲ့ကြတာပေါ့မောင်လေးရယ်။
ကဲအက်ခိုးမလေးလဲ အသံပဲကျန်တော့ရော သူ့ပိုင်ရှင် နတ်ဘုရားမ ကစိတ်ဆိုးတော့တာပေါ့.နတ်ဘုရား
နာမည်က ဗီးနတ်စ်တဲ့ အချစ်နတ်ဘုရားမနော်။ သူ့ကိုအက်ခိုးလေးက ခစားဖို့ အသံကျန်တော့တာကို စိတ်ဆိုးတာပေါ့
နော်။ ကဲ ဘာကြောင့် ဒီကောင်မလေး အသံပဲကျန်တော့သလဲဆိုတာကို သူမကကြည့်လိုက်မေးလိုက်တာနေမှာပေါ့ ။
အဲ့ဒီတော့ အော်နာဆစ်ဆပ် ကြောင့်ပဲဆိုပြီးသိသွားပါလေရော။ကဲ မချစ်တတ်တဲ့သူကြီး ငါကျိန်စာတိုက်လိုက်မယ်
ကနေ့မှာမြင်တဲ့သူကိုချစ်စေ တဲ့မောင်လေးရယ်။
နာဆစ်ဆပ်ကတော့တောလည်ကောင်းတုန်းပေါ့။ တောထဲဆိုတော့ လူသူမရှိတဲ့နေရာမှတ်လား။ သူကလဲ
တော်ရုံလူဘယ်တွေ့ဦးမလဲ။သူလဲတောလည်ထွက်ရင်းမောတော့ရေသောက်မယ်ဆိုပြီး စမ်းချောင်းဘေးထိုင်လိုက်
ရင်း သူရေပြင်ကိုအကြည့်ရောက်ခိုက်မှာ သူ့မျက်နှာသူပြန်မြင်လိုက်တာပေါ့။ကဲနတ်ဘုရားကျိန်စာက တခါထဲအစွမ်း
ပြလိုက်တာ နာဆစ်ဆပ်က သူ့ကိုယ်သူချစ်မိသွားရောမောင်လေးရေ။ရေပြင်က ကိုယ့်ပုံလေးကို ကြည့်ရင်းချစ်လိုက်
တာ အဲ့နေရာကနေမထနိုင်တော့ဘူးတဲ့။ ရက်တွေကြာလာလိုက်တာ သူ့ကိုယ်က အပင်ဖြစ်ပြီး မျက်နှာကတော့ ပန်းပွင့်
လေးပေါ့။အမယ်ပန်းလေးတွေက ချောင်းထဲကိုပဲငိုက်ငိုက်ကလေးတောင်ဖြစ်နေသတဲ့.ကြည့်မဝတာနော် ကိုယ်ကိုယ်
ကိုယ်။ ကဲ အဲ့ပန်းလေးကို နာဆစ်ဆပ်လို့ခေါ်ပါသတဲ့ကွယ်။
မောင်လေးရေ ပုံပြင်လေးကတော့ ဘာမှ မဟုတ်ပေမဲ့ ကိုယ်ကိုယ်ကိုယ်သိပ်အချစ်လွန် တနည်းအတ္တကြီး
လွန်းတာ မကောင်းဘူးပေါ့ကွယ်။ ရောဂါလို့တောင် တင်စားနေမှတော့ဘယ်ကောင်းပါ့မလဲ.ရောဂါမဟုတ်ခဲ့ရင်တောင်
လူ့လောက ကြီးမှာ အံဝင်ဂွင်ကျမနေနိုင်ကြတော့ဘူးပေါ့်။တော်သင့်ရုံလေးပဲကောင်းပါတယ်မောင်လေးရယ်နော်။
ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတာ ချစ်တတ်မှ စိတ်ချမ်းသာတာ.မကြီးပြောချင်တာ ပူလောင်လွန်းတဲ့ချစ်ခြင်းတွေနဲ့
ချစ်မိလိုက်ရင် ကိုယ်စိတ်နှစ်ပါး ပင်ပန်းဆင်းရဲရတယ်မောင်လေးရေ။အဲ့တာလေးတွေကို ငါ့မောင်လေး နားလည်နိုင်
လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လမ်းကြောင်းတစ်ခုရမှာပေါ့မောင်လေးရယ်။ဘဝဆိုတာ တိုတိုလေးပါ။
ရရှိတဲ့အခိုက်အတန့်လေးကို ပျော်ရွှင်အောင် နေတတ်ဖို့ အရေးကြီးတာပေါ့.အဲ သူတပါးကိုထိခိုက်သောအပျော်တော့ မဖြစ်ရဘူးနော်။ ဒီလောက်ဆို ငါ့မောင်လေးမျက်စိညောင်းနေလောက်ပေါ့.နားလိုက်ဦးမယ်မောင်လေးရေ။

မနုငယ်

2

လုပ်နိုင်တာထက်ပိုပြီး မလုပ်မိပါစေနဲ့

အလုပ်မှာ စိတ်ရှုပ်တယ်ကွာ
ခိုင်းစရာရှိတဲအခါ ငါက ရှေ့ဆုံးက၊ ရစရာရှိတဲ့အခါ ငါက ဘိတ်ချေး
လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ထိုင်ရင်း မျိုးသူက ရင်ဖွင့်ပါတယ်။။
ခိုင်းစရာရှိတဲ့အချိန်မှာ ကိုယ့်ကိုသတိရရင် ကျေနပ်လိုက်စမ်းပါ လို့အလင်္ကာ က အားပေးတယ်
`ခင်ဗျားဟာက ဘယ်နှယ်ကြီးတုန်း´ လို့ လုလင်ပျိုက မျက်လုံးပြူးပြီး ပြန်မေးတယ်
`ခိုင်းတယ်ဆိုကတည်းက ကိုယ်တတ်မှန်း သိလို့ပေါ့၊ ကိုယ်တတ်တယ်ဆိုတာ အသိမှတ်ပြုဖော်ရတာပဲ ၀မ်းသာလိုက်စမ်းပါဆိုပြီး´အလကာင်္ က ပြောတယ်
`တို့ဌာနမှာ ငါနဲ့အဆင့်တူ လုပ်ငန်းတူတွေရှိတယ် တချို့ကောင်တွေက လုပ်ငန်းနဲ့ ပက်သက်ရင် ဘာမှ ကျွမ်းကျင်တာမဟုတ်ဘူး
သူတို့ ကျွမ်းကျင်တာက ဟ၀ှာလုပ်ဖို့ပဲ´
ကျွမ်းကျင်ရာလိမ္မာရာပေါ့ကွာ…………..လုလင်ပျိုက ၀င်ထောက်ပြန်တယ်……
`လက်တောင်မှ အတိုအရှည် ရှိသေးတာပဲကွာ လုပ်ငန်းခွင်ထဲမှာလဲ လူစုံစရိုက်စုံ ရှိမှာပေါ့
မင်းတို့ကို အလုပ်တူလုပ်ရင်း ပြိုင်တဲ့ မြည်းနှစ်ကောင်အကြောင်း ပုံ ပြောပြမယ်
ဒီလိုကွ

တစ်ခါတုန်းက ခ၀ါသည်တစ်ယောက်မှာ မြည်းနှစ်ကောင်ရှိသတဲ့ အပြောရလွယ်အောင်
မြည်းအေ နဲ့ မြည်းဘီပဲ သုံးမယ်ကွာ၊
မြည်းအေက အင်မတန်ကြွားတတ်သတဲ့
အလုပ်ကို သူများထက်သာအောင် အမြဲလုပ်သတဲ့ ၀န်စည်တွေကို သူများထက်ပိုသယ်တယ်၊
ပိုင်ရှင်ခ၀ါသည်ရှေ့မှာဆိုရင် လမ်းလျောက်တာတောင်မှ ခပ်သွက်သွက်
လျောက်ပြီး သူ့ကို အာရုံစိုက်အောင်လုပ်သတဲ့

`ရိုးရိုးအေးအေး မြည်းဘီကတော့ ပုံမှန်ပဲတဲ့၊ ခ၀ါသည်ခိုင်းသမျှ ပုံမှန်ပဲ လုပ်သတဲ့´
` တစ်ချိန်မှာတော့ ခ၀ါသည်က မြည်းဘီကို မြည်းအေလို အလုပ်လုပ်ဖို့ ဖိအားပေးတာပေါ့´
ဒါပေမဲ့ မြည်းဘီကတော့ လမ်းမြန်မြန်မလျောက်နိုင်လို့ ခ၀ါသည်က ဆောပလောတီးတာပေါ့´
မြည်းဘီက ငိုကြွေးပြီး မြည်းအေကိုရင်ဖွင့်တာပေါ့။
`သူငယ်ချင်းရာ ဒီမှာအတူရှိနေကြတဲ့ တို့နှစ်ကောင်ကို ဘာကြောင့်များ အချင်းချင်း ပြိုင်ခိုင်းနေတာလဲ၊ တို့ဟာပုံမှန်အမြန်နှုန်းနဲ့ဆိုရင်လည်း သယ်နိုင်တဲ့ ၀န်စည်ချင်းလဲ အတူတူပဲဟာတဲ့´

မြည်းဘီက ရင်ဖွင့်တာကို မြည်းအေအတွက် ပိုပြီး အစွမ်းပြဖို့ဖြစ်သွားတယ် နောက်နေ့မှာ မြည်းအေက သူဟာ ၀န်စည်တွေကို ပိုသယ်နိုင်ရုံမျှမက၀န်စည်တွေနဲ့ အမြန်လည်း ပြေးနိုင်တယ်လို့ ခ၀ါသည်ကို မျက်နှာလိုအားရ ပြောတယ်

`ဒီလိုပြောတော့ ခ၀ါသည်က ကျေနပ်အားရတာပေါ့
မြည်းဘီကိုတော့ ခြေထောက်နဲ့ ပိတ်ကန်တယ်၊ နောက်နေ့မှာတော့ မြည်းအေက မျက်နှာကလည်း ပြုံးချိုချိုနဲ့ ၀န်စည်တွေကို ပိုသယ်တဲ့အပြင် အမြန်တောင်မှ ပြေးသွားလိုက်သေးတယ်၊ အဲလိုလုပ်တာက မြည်းဘီအတွ့က်တော့ ရင်သပ်ရှုမောဖွယ် အနေထားပေါ့၊ သူက အဲလို မလုပ်နိုင်ဘူးလေ၊ ခ၀ါသည်ကတော့ မကျေနပ်စရာ ဒါကြောင့် မြည်းဘီကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာပေါ့၊ နောက်ဆုံးမှာ မြည်းဘီဟာ မြေပြင်ပေါ ဗုန်းဗုန်းလဲကျသွားတယ်……….

မြည်းအေကတော့ အရမ်းကို ပျော်ရွှင်နေပြိး သူ့တာဝန်များကို အမြင့်ဆုံးစွမ်းဆောင်တာပေါ့
ဝန်စည်တွေကို ပိုသယ်တယ် တကယ်မြန်မြန်ကြီး ပြေးတယ် ခုချိန်မှာတော့ မြည်းဘီသယ်ခဲ့တဲ့ ၀န်စည်တွေကိုလည်း မြည်းအေကပဲ သယ်ရတော့တာပေါ့၊ ဒါတောင်မှ သူက အပြေးမြန်တုန်းပဲ
`အချိန်နည်းနည်းရလာတော့ မြည်းအေဟာ မောပန်းပင်ပန်းနွမ်းနယ်မှု ၊ နာကျင်မှုတွေ ခံစားလာရတော့တယ်´

ဒါပေမဲ့ ခ၀ါသည်က မြည်းအေဆီကပဲ ယခုရသလောက်ထက်ကို ပိုမျှော်လင့်တာတဲ့
သူလည်း အစွမ်းကုန်ကြိုးစားပါတယ်၊ ဒါပေမဲ့ ပိုင်ရှင်လိုချင်သလောက်တော့ နိုင်နိုင်နင်းနင်း စွမ်းဆောင်မပေးနိုင်တော့ဘူး
ခ၀ါသည်က ဒေါသထွက်လာပြီး မြည်းအေကို ၀န်စည်တွေပိုသယ်ခိုင်းပြီး ဒုက္ခပေးတော့တာပေါ့

မြည်းအေဟာ အချိန်တန်ကြာအောင် အော်ဟစ်ငိုကြွေးနေပေမဲ့ဖြစ်နိုင်သလောက်တော့ ကြိုးစားပြီး လုပ်တယ်
ဒါတောင်မှ ပိုင်ရှင်ရဲ့ အားရကျေနပ်မှုကိုတော့မရဘူး၊နောက်ဆုံးတော့ ခ၀ါသည်က မြည်းအေကို သတ်လိုက်တော့တယ်.

ကိုလုလင်ပျိုက ` ပြီးရောလား´

မပြီးဘူးကွ
နောက်ထပ်မြည်းတွေထပ်ရှာပြန်တယ်

`မြည်းငဖားတွေ ပါလာပြီး ကျန်တဲ့ကောင်တွေ အနေမချောင်တဲ့ ဇာတ်လမ်း၊ လောဘနှုတ်ခမ်းမသတ်နိုင်လို့ အလုပ်သမားကောင်းတွေဆုံးရှုံးရတဲ့ဇာတ်လမ်းတွေလည်း သံသရာလည်နေဦးမှာပဲ´

ဒီတော့ကွာ…`လုပ်ဖော်ကိုင်ဖက် အချင်းချင်းဟာ တက်ညီလက်ညီ လုပ်ဖို့လိုတယ်
ရှိတဲ့-၀န်စည်တွေကို မျှဝေထမ်းရမယ် ၊ ဘော့ရှေ့မှာ ဘယ်သှူမှ လူတွင်ကျယ်လုပ်ပြီး လုပ်အားမပြသင့်ဘူး´
လို့ မှတ်ချက်ပြုရင်း။
×××××××××××
မှတ်ချက်။ ။ လုပ်ငန်းမှာ ကြုံတွေခဲ့ရတဲ့ အဖြစ်ပျက်လေးပါ။
@@@@@@@@@@@@@
ခင်မင်စွာဖြင့်
ညအလင်္ကာ

1

“““““မိုး”””””””

“““““မိုး”””””””

အချစ်ကသိမ်းပိုက်သွားတဲ့နေ့ရက်တွေ
နှလုံးသားတစ်ခုအတွက် ငါရင်ကွဲခံချစ်နေပါ့မယ်
နုနုညံ့ညံ့ ပြာပြာလွင်လွင် မထွန်းပဲလင်းနေတဲ့အချစ်က
အနာဂတ်ဆီသယ်ဆောင်သွားမယ့်ရထားတစ်စင်းပေါ့
ကျွန်တော်ကတော့ စီးနင်းခွင့်ရပါလျှက်နဲ့ လက်မှတ်ပျောက်နေတဲ့ကောင်
ကိုယ့်အိပ်မက်ကို ကိုယ်ထမ်းပိုးရင်းလျှောက်နေရတာ
ညညဆို အိပ်လို့မပျော်တော့ဘူး..

စံပယ်တွေလေထဲမှာတစ်ထပ်ကြီး
ဘာကြောင့်များ ရနံ့မရပါလိမ့်
ပန်းသီးတစ်လုံးရဲ့ ပုံပြင်ကိုသိပြီးတဲ့နောက်မှာ
အာဒံဖွက်ထားခဲ့တဲ့ပန်းသီးတစ်လုံးကို ရှာဖွေနေခဲ့ရင်း
ကိုယ်တိုင်ပန်းသီးတစ်လုံးဖြစ်မှန်းမသိဖြစ်လို့သွား
ထိုသို့နှင့် ဥယျာဉ်တော်မှာ ကျွန်တော်ပွင့်အံထုတ်ပြထားတဲ့နံရိုးလေးတစ်ချောင်း သူမ
စေတန်ရေးတဲ့ ကျွန်တော့်ရဲ့ အနာဂတ်လေး ယှဉ်တွဲလို့..။

အဲ့ဒီမိုးသားတိမ်လိပ်ထဲမှာ ကျွန်တော့်ရဲ့ နံနက်ခင်းလေးရှိတယ်
လင်းခွင့်မရှိပေမယ့် လင်းလင်းနေတဲ့ ဒီရင်ထဲမှာ ရွှဲရွှဲဆိုလို့
မိုးဥတုကိုချစ်တယ် ထို့အတူကျွန်တော့်အတွက်
မိုးဥတုနဲ့တူသော “မိုး”ဆိုသောကောင်မလေးကို ကျွန်တော်ချစ်တယ်
မိုးစက်မိုးပေါက်လေးတွေကို ခံယူရင်နမ်းရှိုက်ရင်း
မိုးရေထဲမှာ နင်းဖြတ်လျှောက်ခဲ့ဖူးတဲ့ လမ်းလေးတွေကိုချစ်တယ်..
မိုး..ဥ..တု…ကို…..ချစ်တယ်……….။
မိုး….စက်…လေး…တွေ..ကို ……….ချစ်…တယ်….။
မိုး….ကို…ချစ်….တယ်…။

PS.....မိုးရွာတာလည်းချစ်တယ်
ကျွန်တော်တို့အချစ်က မိုးစက်တွေပါမှပြည့်စုံတာ

ဝေလင်း
20/7/2010

7

မွေးနေ့အမှတ်တရ

အရင် အရင်နှစ်များတွေကတော့ ဇူလိုင်လရောက်ရင်ပျော်လို့ရွှင်လို့ပေါ့။ လက်ဆောင်တွေရတော့မယ်၊မုန့်ဖိုးတွေရတော့မယ် ဆိုပြီးတော့ပေါ့လေ။ အခုနှစ်များဆီမယ်

အသက်ကလေးက ရလာတော့ တနှစ်ကြီးလာခြင်းကို ကြောက်ရွံ့နေသလိုဖြစ်နေတာပေါ့။
ဇရာက စတင်စိန်ခေါ်ပြီလေ။ အသက် ၂၇ တဲ့ ကျမအသက် ၂၇ ရှိသွားပါပြီ။
                   ပြန်စဉ်းစားလိုက်ရင် ကျမလျှောက်ခဲ့တဲ့လမ်းတွေက မကြမ်းခဲ့ပါဘူး ။မိဘ
ဆိုတဲ့အရိပ်အောက်မှာ သက်သက်သာသာလေး ပဲလျှောက်ခဲ့သူပေါ့။ ကျမရူးခဲ့တာ တွေလဲရှိပ။
သာမန်ဆိုတဲ့ စကားကို သူများတွေ ဘယ်လို ခံစားလဲမသိပါဘူး ကျမအတွက်ကတော့ အလွန်
စိတ်ပျက်စရာစကားလုံးအဖြစ် တချိန်ကခံစားခဲ့မိလေရဲ့။ တချိန်လုံးသာမန် မိန်းမ မဖြစ်ချင်ဘူး
လို့အော်ဟစ်ပြီး ကျမသာမန်ဆိုတဲ့ဘောင်အပြင် ကိုထွက်ဖို့ကြိုးစားခဲ့သူပေါ့။
              ကျမရူးပုံများပြောမပြောချင်ပါဘူးလေ.သာမန်မဖြစ်ချင်ဘူးဆိုပြီး မျက်နှာပြောင်နဲ့
နေလားနေရဲ့ ဘယ်လိုမှ မအပ်စပ်သော အရောင်တွေတွဲဝတ်လို့(ဆင်ခြေကတော့ ကျမသာမန်လူတွေ
လိုအလှပြင်ဖို့ အချိန်မပေးနိုင်ဘူးပေါ့) တွေ့ရာမှစား၊ကဗျာတွေဖတ် စာတွေဖတ်ပြီး ကိုယ်ကိုယ်ကို
ရွက်လွှင့်နေလိုက်ဘူးတယ်။ သာမန်မဖြစ်ချင်ဘူး ဆိုတဲ့စိတ်အစဉ်အောက်မှာ ကျမဟာ လူဆိုးစာရင်း
ကိုတဖြည်းဖြည်းဝင်လာတာကို ကျမ မသိလိုက်မိဘူး။ ကျမကတဖြည်းဖြည်းလူတွေနဲ့ကင်းကွာသွား
သလိုပါပဲ ကျမပျော်ရွှင်ရာအသိုက်ကလေးတစ်ခုလောက်မှာပဲ ကျမကလူစွမ်းကောင်းဖြစ်နေခဲ့တာပေါ့။
  သူတို့ကိုကြည့်လိုက်ပြန်တော့လဲ သူတို့ဟာသူတှိုရဲ့ပတ်ဝန်းကျင်မှာကိုယ့်လိုပဲလူဆိုးလို့သတ်မှတ်ခံ
ရသူတွေပေါ့။ လူဆိုး လို့ပြောရခြင်းက  ကိုယ်ကိုယ်ကို သာမန်ဘဝကရုန်းထွက်ချင်တယ် ဆိုတဲ့သူတွေ
က မိသားစုကို လဲ ငဲ့မကြည့်နိုင်၊ကိုယ့်ဘဝအတွက်များကျတော့လဲ သာမန်လမ်းရိုးမှာ မလျှောက်နိုင်
အဲ့ဒီလို နဲလူပို လူဆိုးကြီးတွေဖြစ်နေခြင်းပါ။
            အခုအချိန် မှာ ကျမစဉ်းစားမိလာတာက ကျမ သာမန်မဖြစ်ချင်ဘူးလို့ကြွေးကြော်ခဲ့ပေမဲ့
ကျမဖြစ်နေကြုံနေရတာကလဲသာမန် ဘဝပါပဲ။မိန်းမတစ်ယောက် မွေးဖွားခြင်းကနေ သေဆုံးချိန်အထိ
ထမ်းဆောင်ရမဲ့တာဝန်တွေကို ကျေပွန်သူတွေဟာ သာမန်မိန်းမတွေပါပဲ။တကယ်တော့ကျမ အဲ့ဒီတာဝန်
တွေကိုခေါင်းရှောင်ချင် လို့များကြွေးကြော်ခဲ့မိတယ်လို့ပဲစိတ်ထဲမှာ ထင်နေပါတယ်။တကယ်တော့ ကျမ
ဟာ ရိုးရှင်းလှတဲ့ တာဝန်တွေတောင် မကျေပွန်သေးသူပါ.ဒါနဲ့များ ကျမဘာလို့ သာမန်မဖြစ်ချင်ဘူးလို့
ကြွေးကြော်ခဲ့မိပါလိမ့်။ ကျမ မိဘနှစ်ပါးကို ကျမ မစောင့်ရှောက်နိုင်သေးသလို။ကိုယ့်ကိုယ် ကိုတောင်
ကျမ မတ်မတ်မရပ်နိုင်သေးပါဘူး။ ကျမချစ်လှစွာသော မောင်ငယ်လေးများကိုလဲ မထောင်ပံ့နိုင်သေးပါဘူး။
အခုချိန်ထိ မိဘရဲ့ အရိပ်အောက်ခိုနေတုန်းမှာ ကျမဟာသာမန်အဆင့်တောင် မရှိသေးတဲ့ မိန်းမအဖြစ်သာရှိပါ
သေးတယ်။
         တကယ်တော့ ကျမဟာရွှေသမင် အလိုက်မှားခဲ့သူပါ။အပေါ်ယံ အရာတွေကို သာမြင်ခဲ့တွေ့ခဲ့ပြီး
ရူးမိုက်ခဲ့သူပေါ့။သာမန် ဆိုတာကို အနက်ပြန်လွဲသူပေါ့လေ။ အတွေးအခေါ်တစ်ခု ကိုပြောင်းလဲရမဲ့အစား
ကျမအလွဲတွေသာ လုပ်မိခဲ့သူပေါ့။အခုခေတ်မှာ ဘယ်မိန်းမကမှ ဘဝကိုမီးဖိုဆောင်ထဲမှာ အကုန်မခံတော့ပါ
ဘူး။တချိန်က ကျမသာမန်လို့ထင်ခဲ့ဘူးတဲ့ သူတွေဟာ ဘဝကို အနက်တစ်ခုနဲ့သေသေချာချာဖြတ်သန်း
နေချိန်မယ် ကျမကတော့ရူးမိုက်ဘူးတဲ့ အပြစ်တွေအတွက် အခုမှ ဘဝကိုပြန်ပျိုးနေရတုန်းပေါ့လေ။ကျမလေ
အခုအချိန် မှာနောင်တတွေကို ပိုက်ထွေးထားပါတယ်။ အချိန် ၁၀နှစ်လောက်နောက်ကျခဲ့ပေမဲ့ ကျမကြိုးစားပါဦးမယ်
သာမန် မိန်းမတစ်ယောက်အဖြစ်တာဝန်တွေကျေပွန်ဖို့ ကျမကြိုးစားရပါဦးမယ်။ကျမစာတွေလဲကြိုးစားဖတ်ဦးမယ်
အတွေးအခေါ်တွေ အဆင့်မြင့်လာဖို့၊ စိတ်ကူးယဉ်မှုတွေပျောက်ဆုံးဖို့၊ ယုံကြည်ချက်တွေ ရှင်သန်ဖို့ ကျမစာတွေ
ဖတ်ရပါ့မယ်။ နောက် ၁၀နှစ်ကြာတဲ့အခါ ကျမဟာတာဝန်ကျေပွန်ပြီး ဘဝနေနည်းကိုသေသေချာချာသိနေတဲ့
သာမန် မိန်းမအဖြစ်ရှင်သန်နေကြောင်းကို ကျမပြောပြပါဦးမယ်။
   

                                                                   မနုငယ် (19.7.2010)