Friday, July 30, 2010

အပြေးအလွှား "မော်ကျွန်းသား"


ပဲခူးတိုင်းအနောက်၊ သယာဝတီမြို့ဟာ ကျနော်ရဲ့မွေးဖွားရာဇာတိဖြစ်သလို ကျနော်ရဲ့ဘ၀ကိုလည်း တစ်ဆင့်ချိုး ပြောင်းလဲသွားတဲ့ နေရာလည်းတစ်ခုဖြစ်ပါတယ်
ကျနော်(၁၀)နှစ်သားအရွယ်မှာ အဖေက ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်၊ အမေကလည်း ဘာမှမလုပ်တတ်.. အဲ့ဒီအချိန်မှာ အမေ ရဲ့ညီမ ကျနော်ရဲ့အဒေါ်က ကျနော်ကို (10)တန်းအောင်တဲအထိကျောင်းဆက်ထားဖို့တာဝန်ယူပြီး ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း)ကိုခေါ်သွားခဲ့ပါတယ်. အဲ့ဒီအချိန် ကျနော်ရဲ့ အသက်က (၁၁)နှစ် ကျော်ပဲရှိပါသေးတယ်…
( ဒါက အခုမှ စကားစမိလို့ ကိုယ့်အကြောင်းကိုယ် ထည့်ရေးလိုက်တာပါ)။
ကျနော်ပြောချင်တာက မော်ကျွန်းမြို့အကြောင်းလေးပါ(သည်းခံပြီးဖတ်ပေးနော်)
မော်ကျွန်းမြို့ဆိုတာ တကယ်တော့ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းဆိုရင်လည်း မမှားပါဘူး။ အရှေ့ဘက်မှာ ဆိုရင် ကျိုက်ပိမြစ် (အခုတော့ သောင်ထွန်းနေပါပြီ….) တောင်ဘက်မှာ တုံးလဲချောင်း၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တော့ ရာဇူတိုင်နဲ့ ညောင်တုန်းမြစ်တွေ ၀ိုင်းရံနေပါတယ်….
ရာဇူတိုင်မြစ်ကထွက်တဲ့ ငါးသလောက်ဆိုရင် အကောင်းဆုံးအဆူဆုံးလို့ပြောစမှတ်ရှိပါတယ်… ဈေးထဲမှာတောင် မော်ကျွန်း ငါးသလောက်၊ရာဇူတိုင်ငါးသလောက်လို့အော်ရောင်းရင် ဟုတ်တာ/မဟုတ်တာအပထား လူကြိုက်များပြီးဈေးပိုရတတ်ပါတယ်.
ကျွန်တော်ကျောင်းသားအရွယ်(၇)တန်းနှစ်၊၁၉၉၆ခုနှစ်အလွန်ဝန်းကျင်လောက်ကဆိုရင်မော်ကျွန်းဟာမြို့လို့သာဆိုပေမယ့် တကယ့် ကျဉ်းကျဥ်းကလေးပါ. တာဝတိံသာ ဘုရားလမ်းနောက်မှာ ကျောင်းတွေဘုရားတွေရှိပြီး အဲ့ဒီနောက် (၁၃)လမ်း (မြို့ပတ်လမ်း) အနောက်ဘက်မှာ အ.ထ.က(၁)ကျောင်း၊ (၁၂)လမ်း နဲ့(၁၃)လမ်းဒီဘက်ထိပ်မှာဆိုရင် လူသိပ်မရှိတော့ပါဘူး။
မော်ကျွန်းမြို့က မြို့သာသေးပေမယ့် ဘာသာရေးထွန်းကားတဲ့မြို့တွေဆိုတော့ ဘုရားတေ၊ွ ကျောင်းတွေက တော်တော်များ ပါတယ်။ (အစည်ကားဆုံးအချိန်ကတော့ တာဝတိံသာဘုရားဆင်းပွဲ အချိန်ပဲဖြစ်ပါတယ်) အဲ့ဒီအချိန်တုန်းကတော့ ဘုန်းတော် ကြီးကျောင်းငါးဆယ်ကျော်ရှိပါတယ်. မဟာဝတ္တုကံကျောင်း၊ သူဌေးကျောင်း၊ ဘုရားကြီးတိုက်ကျောင်း၊ သာသနာ့ကာရီကျောင်း၊ မင်းကျောင်းဆိုတဲ့တိုက်ကြီးတွေကတော့ အထင်ကရတွေပါပဲ…သံသေတ္တာချောင်းတ၀ိုက်ကြေးဆင်းတု၊ ကျောက်ဆင်းတုဘုရား ကြား၊မင်းကျောင်းရှေ့မှာရှိတဲ့ ဆေးရုံကရင်ခွဲရုံရှိတဲ့နေရာတစ်ဝိုက်တွေမှာသူရဲခြောက်လို့နာမည်ကြီးလေတော့ကျနော်တို့ကလေး တွေဆိုရင် လူကြီးတွေမပါရင် မသွားလာဝံကြဘူး………….
ကျနော်တို့ညနေကျောင်းဆင်းပြီဆိုရင်မင်းကျောင်းတိုက်မှာကျူရှင်တက်ရပါတယ်.ဘုန်းကြီးဆီမှာစာသင်ကြားအဆောင်ကို ခွင့်တောင်းပြီး ကျောင်းက ဆရာမတွေက ပညာဒါန အလှူအဖြစ် မလိုက်နိုင်တဲ့ကလေးတွေအတွက် စာပြန်သင်ပေးပါတယ်.
(ကျနော်လည်းအပါအ၀င်ပါ…. အဲ့ဒီတုန်းက ကျနော်နေတာက ခ.မ.ရ (၅၃၄)ခြေမြန်တပ်ရင်းမှာပါ ……….)ဒါကကြေငြာဝင်တာ။
ကျောင်းဆင်းပြီဆိုရင် မင်းကျောင်းတိုက်ကို အပြေးအလွှားသွားနေရာဦး ဟိုရောက်ရင် ဆရာမတွေကိုစောင့်ရင်း ရင်ခွဲရုံက တစ္ဆေခြောက်ခံရတဲ့အဖြစ်အပျက်တွေ ပြောကြတာပေါ့…….မဟုတ်တာ/ဟုတ်တာ အပထား ကြောက်တတ်သူတွေအဖို့က ကြောက်စိတ်ဝင်စရာပဲပေါ့…………….
မော်ကျွန်းမှာ ရုပ်ရှင်ရုံ(၂)ရုံရှိပါတယ်၊ (၇)လမ်းထိပ်က ပတ္တမြားရုပ်ရှင်ရုံ၊ (၁၃)လမ်းထိပ်ကမြိုင်မာလာရုပ်ရှင်ရုံတို့ဖြစ်ကြပါတယ်။
တစ်နေ့ပေါ့..
အဲ့ဒီတစ်နေ့ကလည်း ကျနော်အတွက်မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ…မနက်ဖန်လိုကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့လို ညနေကျူရှင်အပြီးရုပ်ရှင်သွားကြည့်မယ် ဖြစ်ကြောင်း၊ မြို့ထဲကသူငယ်ချင်းအိမ်မှာပဲ အိပ်မှာဆိုတဲ့အကြောင်း အိမ်ကို ပြောပြိး ခွင့်တောင်းခဲ့တယ်………..
ညနေကျူရှင်ပြီးတော့ ကျနော်  ပတ္တမြားရုပ်ရှင်ရုံကိုသွားကြည့်တယ်…ရုပ်ရှင်ကလည်း ည(၇)နာရီမှာပြတာဆိုတော့ ကျနော့် အတွက် အချိန်မှီခဲ့ပါတယ်…….ရုပ်ရှင်ရုံရောက်တော့ လက်မှတ်ဝယ်…ရုံတွင်းဝင်ထိုင်ပြီး ရုပ်ရှင်ကြည့်ပါတယ်… ဇာတ်လမ်းက လည်း ကောင်းသလားမပြောနဲ့ ကုလားကားလို့မပြောရဘူး တော်တော်ရှည်တဲ့ဇာတ်လမ်း၊ ဇာတ်လမ်းက ခွေးလိမ္မာကားပါ ဇာတ်ကားမှာ အမျိုးသမီးက၀ိညာဉ်ဘ၀နဲ့ သူကလေးကို စောင့်ရှောက်တဲ့အခါမှာ ခွေးကလေးကသခင်အပေါ်ကူညီဆောင်ရွက် ထားတဲ့ ဇာတ်ကားလေးပါကြည့်ရင်းနဲ့ ဘယ်လိုပင်ပြီးသွားလဲ မသိ (ဟဲဟဲ လိုရင်းကမရောက်တော့ဘူး စိတ်ရှည်သီးခံပေးနော်)
ဇာတ်လမ်းပြီးတော့ ရုပ်ရှင်ရုံထဲကအေးဆေးထွက်လာတာပေါ့ ကျနော်က လူတွေတိုးကျိတ်ထွက်ရတာကိုမကြိုက်လို့ပါ
(အဲ့ဒီအကျင့်က အခုထိပါပဲ) စိတ်ထဲမှာတော့ ရုပ်ရှင်ထဲက ၀ိညာဉ်ဘ၀မှာသရုပ်ဆောင်တဲ့ ကုလားအမျိုးသမီးအမူအရာနဲ့ ခွေးလိမ္မာအကြောင်းက စိတ်ထဲမှာဆွဲနေတာ)
နောက်……ဆိုက္ကားငှားပါတယ်
“ဆိုက္ကား..ဆရာ”
“အားပါတယ်… ဘယ်သွားချင်လို့လဲ”
“ကျနော် ဗိုလ်ချုပ်ဈေးကို သွားချင်လို့ပါ”
ကျနော်ပြောနေတုန်းရှိတုန်း အမှောင်ရိပ်ထဲက အမျိုးသမီးတစ်ယောက် အထုပ်(၁)ထုပ်ကိုကိုင်ထားပြီးရောက်လာတယ်….
“ကျမလည်း ဘုရားကြီးရှေ့အထိ လိုက်ချင်ပါတယ်”
“ဒီကလေးက ဗိုလ်ချုပ်ဈေးထိသွားမှာဆိုတော့ လမ်းကြုံပါတယ်၊ ကျမအရေးကြီးနေလို့ပါ”
အဲ့ဒီတော့ဆိုက္ကားဆရာက ပိုက်ဆံရရင်ပြီးတဲ့သဘောလား၊ လမ်းကြုံတာပဲလေ ဆိုပြီးတွေးတဲသဘောလားမသိ
“ကဲ ..ဒီက အစ်မ .ဆိုက္ကားပေါတက်…ညီလေးက နောက်ကစီးလို့ဆိုပြီး” …..စပြီးနင်းတော့တာပဲ
လရောင်ကလည်းမရှိ…. အလင်းရောင်ကလည်းမရှိ….သဖြင့် အမှောင်ထဲမှာရင်တထိတ်ထိတ်ဖြင့် ဆိုက္ကားအရှေ့မီးတစ်လုံး ထွန်းပြီးနင်းလာခဲ့ပါသည်။ (၁၁)လမ်းထိပ်အတိုင်းနင်းလာရာ ဂတ်တဲ(ရဲစခန်း)ရှေ့ရောက်သောအခါ  ဂတ်တဲက လက်နှိပ် ဓါတ်မီးဖြင့်လှမ်းထိုးသည်။
“ဟေ့…ဆိုက္ကားဆရာ……….မင်းဆိုက္ကားပေါ်ကလူက ခေါင်းမပါဘူးလား ဟ”
“ဟင်”
ကျနော်လည်း အလန့်တကြားခေါင်းလှည့်ကြည့်၊ ဆိုက္ကားသမားလည်း ကျနော့်နည်းတူလှည့်အကြိုက်..တွေ့လိုက်ရတာက ဆိုက္ကားအရှေ့မှာစီးနေတဲ့အမျိုးသမီးမှာ ခေါင်းပျောက်နေပြီး  လေထဲတွင် တလူလူလွင့်နေသော ပ၀ါကိုသာတွေ့ရသဖြင့်………. ကျနော်စိတ်ထဲမှာကြောက်စိတ်ဖြစ်သွားပြီးကြက်သီးတွေထသွားတာပေါ့ ဆိုက္ကားဆရာလည်းမှင်သက်သွားပြီး ဆိုက္ကားကိုထိုးရပ် ဒရောသောပါးဆင်းပြေးလေးရော..ကျနော်လည်း အဲ့ဒီတုန်းကဘာရမလဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြောက်စိတ်နဲ့ ဆိုက္ကားဆရာပြေးတဲ့ နောက်ကို ပြေးလိုက်ခဲ့လေတော့သည်။။။။
(ဒုတိယဇာတ်သိမ်းပိုင်း……….စောင့်မျှော်ပါရန်)

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ဇူလိုင်လ(၃၀)ရက်။


8 ယောက်က စာမူခပေးတယ်း):

blackroze said...

တခါတည်းပြီးအောင်ရေးလိုက်တာမဟုတ်ဘူး
ခုတော့ဖတ်ရတာဆန့်တငံငံနဲ့..
ဇတ်သိမ်းလေးမြန်မြန်တင်နော်..
ဖတ်ဖို့စောင့်နေ၏

ဒေါင်းမင်း said...

annnnnnnnnnnnnnnnnnnnnnn
ဆန့်တငန့်ငန့်နဲ့...မျှော်တော်ရောင်ဖြစ်နေပြီ..ပြီးတော့ဘာဆက်ဖြစ်သေးလဲ
ဒုတိပိုင်းစောင့်မျှော်နေကြောင်း။ဒုတိယပိုင်းမှာအပြီးရေးစေချင်ကြောင်းဟီး။
တစ်ခါတည်းဖတ်ချင်လို့ပါ...စိတ်ဝင်စားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကို ကြက်သီးထမိတယ်..
ည ၂နာရီမှာ လာဖတ်တာလေ
ဒီလိုမှန်းသိ နေ့လည်မှ လာပ်ါတယ်.
ခုတော့ ကြောက်သွားပြီ
ပြန်တော့မယ်

shwezinu said...

ဒီလိုမှန်း သိရင် မော်ကျွန်းသား ရေ ပြီးမှ လာဖတ်ပါတယ် အခုတော့ မျှော်ရပြန်ပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ရေးထာတဲ့အရေးအသာကတော့ကောင်းပါတယ်ဒါပေမဲ့ဇတ်လမ်းကိုအဆုံးမသတ်ပဲဒုတိယပိုင်မျော်ပါဆိုတော့ဖတ်ရသူရင်ထဲမှာအပြည့်အ၀မရောက်ပဲသရဲဟာသကားကြည့်နေရသလိုဖြစ်နေတယ်ဒုတိယပိုင်မြန်းမြန်းရေးပါလို့တောင်ဆိုပါရစေ



ခင်မင်စွာဖြင့်
ဇော်မျိုးထွန်း

ခေတ် said...

ကျွန်တော့် အစ်ကိုက မျှော်တော်ရောင် ပတ်ပျိုးတီးရတာ အကျင့်ပါနေလို့ပါ ဟီး မိုက်တယ်ကွာ

ခိုင်နုငယ် said...

ကောင်းခန်းရောက်မှ..
ဖြတ်ထားလိုက်တယ်။
ဒုတိယပိုင်း...
ဆက်လက်စောင့်မျှော်ဖတ်ပါမည်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

sosegado said...

ဟုတ်တယ် ကောင်းခန်းရောက်မှ… မော်ကျွန်းက သရဲစောင့်ရဦးမယ်

Post a Comment

ခုလို တခုတ်တရ မှတ်ချက်ပြုတဲ့အတွက် ကျေးဇူးအလွန်တရာ တင်ရှိပါတယ်။